ပုသိမ်မှာ မှတ်ပုံတင်လာလုပ်တဲ့ ဗိုလ်မှူးသမီးကို ပိုက်ဆံ ၈ သောင်းတောင်းမိတဲ့ လဝက တိုက်နယ်မှူး စစ်ဆေးခံနေရ
မှတ်ပုံတင်လုပ်ရင် ပိုက်ဆံမပေးရဘူးလို့ စစ်အုပ်စုရဲ့ လဝက ဝန်ကြီးဌာနက ကြေညာထားပေမဲ့ ဗိုလ်မှူးသမီတစ်ဦးကို ပိုက်ဆံ ၈ သောင်းယူပြီး မှတ်ပုံတင် လုပ်ပေးခဲ့တဲ့ ပုသိမ်မြို့နယ် လဝက ဦးစီးမှူးရုံးက တိုက်နယ်မှူး တစ်ဦး စစ်ဆေးခံနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင် လာလုပ်တဲ့ ဗိုလ်မှူးသမီးကို တိုက်နယ်မှူးက ငွေကျပ် ၈ သောင်း တောင်းခဲ့ပြီး မှတ်ပုံတင် ပြုလုပ်ပေးပြီး ငွေပေးချေရာမှာ သမီးဖြစ်သူက အဖေဖြစ်သူ ဗိုလ်မှူးကို ခေါ်လာတာကြောင့် ပြဿနာတက်တာလို့ မြို့ခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ပုသိမ် လဝကရုံးမှာ ဗိုလ်မှူးသမီးကို ၈ သောင်း တောင်းပြီး မှတ်ပုံတင် လုပ်ပေးလို့ တိုက်နယ်မှူး တစ်ယောက် စစ်ဆေးခံနေရတယ်။ ကလေးမလေးက မှတ်ပုံတင်ရလို့ လာယူတဲ့နေ့မှာ သူ့အဖေကို ခေါ်လာပြီး ပိုက်ဆံ လာပေးတာ” လို့ ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ မေလ ၃၀ ရက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အနောက်တောင်တိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးစိုးမင်းဦးရဲ့သမီးဖြစ်သူ မမြသဲခိုင်ကို ပုသိမ်မြို့နယ် လဝက ဦးစီးမှူးရုံးက ငွေကျပ် ၈ သောင်း တောင်းကာ မှတ်ပုံတင် လုပ်ပေးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“စစ်တပ်က တိုင်လိုက်တာနဲ့ တူတယ်။ လဝက ဝန်ကြီးတောင် ဒီနေ့ ပုသိမ်ကို ဆင်းလာတယ်။ တိုက်နယ်မှူးကို အရေးယူမယူကတော့ မသိဘူး” လို့ ပြောပါတယ်။
ဒီနေ့မနက်က စစ်အုပ်စုခန့် လဝက ဝန်ကြီး ဦးမြင့်ကြိုင်ဟာ ပုသိမ်မြို့ရှိ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းခွဲ (မြက်တို) မှာ အသက် ၁၀ နှစ်ပြည့် မှတ်ပုံတင် ကတ်ပြားတွေ လာပေးခဲ့တယ်လို့ သိရပါတယ်။
မေလ ၃ ရက်က လဝက ဝန်ကြီးဌာနက မှတ်ပုံတင် ပြုလုပ်ရာမှာ ငွေကြေး တောင်းခံသူတွေနဲ့ သတင်းအမှား ဖြန့်ဝေသူတွေကို အရေးယူမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီလို ထုတ်ပြန် ကြေညာထားပေမဲ့လည်း လက်တွေ့ မြေပြင်မှာ မှတ်ပုံတင် ပြုလုပ်သူ အားလုံးဟာ ၃ သောင်းကနေ ၁ သိန်းကျပ်အထိ လဝက ဝန်ထမ်းတွေကို ပေးနေရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – လဝက
