ပဲခူးမြို့အထွက် စစ်ဆေးရေးဂိတ်မှာ စစ်အုပ်စုက စားသောက်ကုန်ကားတွေကို တရားမဝင်ဘူးဆိုကာ ဖမ်းဆီး
ပဲခူးမြို့အထွက် လာဂမိုစစ်ဆေးရေးဂိတ်မှာ စစ်တပ်နဲ့ ရဲတွေက စားသောက်ကုန်ကားတွေကို “တရားမဝင် ကုန်သွယ်ရေး စီမံချက်” လို့ အကြောင်းပြကာ ဆက်တိုက် ဖမ်းဆီးနေတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ရန်ကုန်ကို ပို့ဆောင်ရန်အတွက် စားသောက်ကုန်တွေ တင်လာတဲ့ ပရိုဘောက် ၂ စီးနဲ့ မီနီဘတ် ၁ စီးကို ဇွန်လ ၁ ရက် နေ့လယ်က လာဂမိုစစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့တယ်လို့ ယာဉ်မောင်း တစ်ဦးက CJ Platform ကို ပြောပါတယ်။
“မနေ့က နို့စိမ်းဗူးတွေ၊ ဂျယ်လီထုတ်တွေ၊ ဆပ်ပြာမှုန့်တွေ တင်လာတဲ့ ကား ၃ စီးကို ဖမ်းတယ်။ တရားမဝင် ကုန်ပစ္စည်းလည်း မဟုတ်ဘူး၊ ပြည်တွင်းက ထုတ်တဲ့ ထုတ်ကုန်တွေ။ ဒါကို တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ ဖမ်းတယ်။ ပစ္စည်းပဲ ဖမ်းတာမဟုတ်ဘူး၊ ကားပါ သိမ်းထားတာ” လို့ ပြောပါတယ်။
မေလ ၃၁ ရက် ည ၈ နာရီကလည်း အချိုရည်ဗူးနဲ့ အိမ်တွင်း တစ်ပိုင်တစ်နိုင် ထုတ်လုပ်တဲ့ ဆပ်ပြာဆီဗူးတွေ တင်ဆောင်လာတဲ့ ဟိုက်ဂျက် တစ်စီးကို ဖမ်းဆီးခဲ့ပြီး အဆိုပါ ဟိုက်ဂျက်ကားကို တိုင်းအစိုးရအဖွဲ့ရုံးထဲမှာ သိမ်းဆည်းထားတယ်လို့ လုပ်ငန်းရှင် တစ်ဦးက CJ Platform ကို ပြောပါတယ်။
“တရားမဝင် ကုန်ပစ္စည်းကို တကယ်ဖမ်းမလား၊ လာဂမိုဂိတ်ကနေ ထိုင်ပြီး လက်ညှိုးထိုးပြမယ်။ မရှိလို့ တစ်ပိုင်တစ်နိုင် အိမ်တွင်းလက်ဖြစ် ထုတ်လုပ်နေတဲ့ ကုန်ပစ္စည်းတွေကို တရားမဝင်လို့ တံဆိပ်ကပ်ပြီး ဖမ်းတယ်ဆိုတော့ အခြေခံ လူတန်းစား ဘာလုပ်စားမလဲ။ ဆပ်ပြာဆီ တစ်ဗူး လိုက်ပို့မှ ၂၀၀ လောက် ရတာ၊ ကားပါ ဖမ်းတယ်ဆိုတော့ မလွန်ဘူးလား” လို့ ပြောပါတယ်။
တရားမဝင် ကုန်သွယ်ရေးကို အကြောင်းပြပြီး ကုန်ပစ္စည်းတွေနဲ့ ကားတွေဖမ်းကာ ငွေကျပ် သိန်းဆယ်ချီ၊ ရာချီတောင်းပြီး ပြန်လွှတ်ပေးတာမျိုး လုပ်လေ့ရှိတယ်လို့ ကားပြန်ရွေးခဲ့ရသူ တစ်ဦးက CJ Platform ကို ပြောပါတယ်။
“လာဂမိုဂိတ်မှာ ကားအဖမ်းခံရရင် အဲဒီမှာပဲ ရအောင်ညှိ၊ အဲဒီမှာ ညှိရင် ၁၀ သိန်း၊ ၁၅ သိန်းပဲ ကုန်မယ်။ အဲဒီမှာ မညှိလို့ တိုင်းအစိုးရရုံး ရောက်သွားရင် သိန်း ၇၀ နဲ့ ၁၀၀ ကြား ကုန်တယ်။ တရားမဝင် ကုန်ပစ္စည်းကို ဖမ်းတာမဟုတ်ဘူး၊ အုပ်စုဖွဲ့ပြီး လုပ်စားတာ” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ပဲခူးမြို့အထွက် လာဂမိုစစ်ဆေးရေးဂိတ်မှာ ယာဉ်အစီးရေ ၁၂၄ စီးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ တိုင်းအစိုးရက မတ်လ ၆ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။ ပဲခူးတိုင်းမှာ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်ပြီးရင် လာဂမိုစစ်ဆေးရေးဂိတ်ဟာ ငွေတောင်း အကြမ်းဆုံး စစ်ဆေးရေးဂိတ်တစ်ခုအဖြစ် နာမည်ကြီးပါတယ်။
ဓာတ်ပုံ – Pro/SAC
