ရေကန်အတွင်း သေဆုံးနေသော အမည်မသိ အမျိုးသားတစ်ဦးအား သာကေတမြို့နယ်၌ တွေ့ရှိ

Author မေ
Categories
Published on Nov 05, 2022

ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ ရန်အောင်ရေကန်အတွင်း သေဆုံးနေသော အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းအား ယနေ့ (နိုဝင်ဘာ ၅ရက်)၌ တွေ့ရှိခဲ့သည်။

နိုဝင်ဘာ ၅ရက် မနက်ပိုင်းက သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းမကြီး၊ ၃/ရန်ပြေရပ်ကွက်၊ ရန်ပြေမှတ်တိုင်အနီးရှိ ရန်အောင်ရေကန်အနီး တဝိုက်တွင် မနက်ခင်း လမ်းလျှောက်နေသူများက ရေကန်အတွင်း အလောင်းတစ်လောင်း ပေါ်နေကြောင်း စတင်တွေ့ရှိခြင်း ဖြစ်သည်။ ထို့နောက် နီးရာ ပရဟိတအဖွဲ့များကို အကူအညီတောင်း၍ ဆယ်ယူခဲ့ပြီး ကြည့်ရှုရာ သေဆုံးသူမှာ အသက် ၄၀အရွယ်ခန့် အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

လက်ရှိ၌ သေဆုံးသူမှာ မည်သူဖြစ်ကြောင်း မသိရသေး၍ ၎င်း၏ မိသားစုနှင့်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“သေဆုံးသူကတော့ ရေထဲပြုတ်ကျပြီး သေတာလား၊ တခြား တစ်ခုခုကြောင့် သေတာလားတော့ မသိရသေးဘူး။ အသက်က ၄၀ ဝန်းကျင်ဘဲ။ အနားကလူတွေကလည်း သေသူကို ဘယ်သူမှ မသိကြဘူးတဲ့။ အဲ့တာနဲ့ မိသားစုနဲ့လည်း အဆက်အသွယ် မရ သေးတာ။ အလောင်းကိုတော့ ရဲက စစ်ပြီး ဆေးရုံပို့ပေးခဲ့ပါတယ်”ဟု ကူညီပေးခဲ့သူတစ်ဦးက ပြော သည်။

သေဆုံးသူ၏ အလောင်းအား သင်္ဃန်းကျွန်းဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ သာကေတမြို့နယ်၌ ယခုရက်ပိုင်းအတွင်း ရေကန်ထဲပြုတ်ကျ၍ သေဆုံးသူ နှစ်ဦးထက်မနည်း ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ရက်က သာကေတမြို့နယ် အနော်မာရပ်ကွက်ရှိ သောက်သုံးရေကန်၌ အ မျိုးသားတစ်ဦး ရေကန်ထဲပြုတ်ကျ၍ သေဆုံးမှု ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂၈ရက်ကလည်း အဆိုပါ ရေကန်၌ပင် ရေနစ်သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့သေးသည်။