ဘီးလင်းမြို့မှာ အမျိုးသား ၁ ဦး ပစ်သတ်ခံရပြီးနောက် စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ဆေး
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာမှာ ဒီကနေ့ မေ ၂၈ ရက် မနက်ပိုင်းက အမျိုးသား ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၆ နာရီက ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၆၇/၄) နဲ့ (၆၇/၅) ကြား ဒေါက်ရပ်ကျေးရွာ အထက်တန်းကျောင်းရှေ့မှာ အမည်မသိ အမျိုးသား ၁ ဦး ပစ်သတ်ခံရတာလို့ ဒေသခံ ၁ ဦးက CJ Platform ကို ပြောပါတယ်။
“အပစ်ခံရတဲ့သူက ဘီးလင်းမြို့ကမဟုတ်ဘူး။ ကားနဲ့လာတဲ့အချိန် ပစ်ခံရတာ၊ ဘယ်အဖွဲ့က ပစ်သွားလဲ မသိဘူး။ စစ်အုပ်စုရော ရဲတွေရော အတော်လေး စစ်နေတယ်။ စစ်အုပ်စုဆို တပ်ရင်း ၃ ရင်းက လူတွေအကုန်ပါတယ်။ ဖမ်းဆီးခံရတဲ့သူတော့ မရှိသေးဘူး။ ကားတွေ၊ ဆိုင်ကယ်တွေ အကုန်စစ်တာ” လို့ ပြောပါတယ်။
ပစ်ခတ်ခံရသူဟာ သေနတ်ဒဏ်ရာ ၂ ချက်ရရှိကာ သေဆုံးခဲ့ပြီး ရုပ်အလောင်းကို ဒါနသုခလူမှုကူညီရေးအသင်းက ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
လတ်တလောမှာ ဘီးလင်းမြို့အခြေစိုက် ခမရ (၃)၊ ခမရ (၈၁) နဲ့ ခလရ (၈) တပ်ရင်း ၃ ရင်းက ရန်ကုန်-မော်လမြိုင် ကားလမ်းတစ်လျှောက်ကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက် မနက် ၁၁ နာရီကလည်း ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာ ကားလမ်းမှာရှိတဲ့ စစ်အုပ်စုနဲ့ ရဲတွေ လုံခြုံရေးယူထားတဲ့ စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီး ဝန်ထမ်း ၁ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
