စစ်ရေးနဲ့ ရေအခက်အခဲကြောင့် လာမယ့်ပျိုးထောင်ရာသီမှာ ရေမရမှာကို အရာတော်တောင်သူတွေ စိုးရိမ်နေ

Author CJ Platform
Categories
Published on May 27, 2026

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာ စစ်ရေးအခြေအနေနဲ့ ဆည်မြောင်းပျက်စီးမှုတွေကြောင့် လာမယ့်လမှာ စတင်မယ့် မိုးစပါးပျိုးထောင်ရာသီအတွက် စိုက်ပျိုးရေ ရရှိရေးကို ဒေသခံတောင်သူတွေ အနေန့ စိုးရိမ်ပူပန်နေကြတယ်လို့ ဒေသခံ စိုက်ပျိုးတောင်သူတွေဆီက စုံစမ်းသိရှိရပါတယ်။

 

လက်ရှိ မြေပြင်အခြေအနေအရ ဆည်ရေအရင်းအမြစ်ကနေ ရေလွှတ်နိုင်တဲ့ မြောင်းမကြီး ၃ ခုအနက် နံပါတ် ၁၊ ၂၊ ၃ နေရာတွေကနေသာ ရေလွှတ်နိုင်ပေမယ့် မနှစ်ကတည်းက စစ်ရေးကြောင့် ပစ်ထားရတဲ့ မြောင်းတွေဖြစ်တာကြောင့် မြောင်းစမ်းရေလွှတ်ရာမှာ မြောင်းကျိုးမှုတွေ ကြုံတွေ့နေရပြီး ရေရရှိနိုင်တဲ့ ဧရိယာ နည်းပါးကာ စံပြဧက ၁၀၀ ခန့်သာ ရေရောက်ရှိနိုင်တဲ့ အခြေအနေတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အဲဒီ ဆည်မြောင်းရေကို အချိန်မီ မပြင်ဆင်နိုင်ပါက မန်းကျည်းဇောက်၊ ငါးရဟိုး၊ မြေနက်၊ ဇရစ်နဲ့ ဒုံဒစ်အထိ တောင်သူတွေရဲ့ လယ်ယာမြေ ဧက ၁၀၀၀ ခန့်မှာ ရေပြတ်လပ်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သိရပါတယ်။

 

အရာတော်ဒေသခံတစ်ဦးက “လွန်ခဲ့တဲ့ ၂ နှစ်ကလည်း ရေလာတာ နောက်ကျတော့ တောင်သူတွေ အထွက်နှုန်း တော်တော်နည်းခဲ့ပြီး အကြွေးတွေ တင်ကျန်ခဲ့တယ်။ မနှစ်ကလည်း လျှပ်စစ်မီးမလာ၊ ရေမရတာကြောင့် စိုက်နိုင်တဲ့ တောင်သူအနည်းငယ်ပဲ ရှိတယ်။ ဆီဈေးကြီးတာတွေကြောင့် တော်တော်လေး အရှုံးပေါ်ခဲ့ကြတယ်။ ဒီနှစ်တော့ တော်တော်လေး မျှော်လင့်နေကြတယ်” လို့ လယ်ယာစိုက်ပျိုးရေး အခက်အခဲကို CJ Platform ကို ပြောပါတယ်။

 

အရာတော်မြို့နယ်ထဲက စစ်ရေးပဋိပက္ခကြောင့် ပျူစောထီးကျေးရွာတွေဘက်ကနေ ဖြတ်သန်းသွားတဲ့ ပျက်စီးနေတဲ့ ရေမြောင်းတွေကို သွားရောက်မပြင်ဆင်နိုင်တာတွေအပြင် အရင်နှစ်တွေကလည်း လက်နက်ကိုင်ပျူစောထီးတွေက အခြားဒေသတွေ ရေမရစေဖို့ မြောင်းပိတ်ယူတာတွေနဲ့ ဆည်မြောင်းတွေ ပျက်စီးအောင် ရေတင်ပေးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ်တွေက အခုလို ပျက်စီးသွားတဲ့ မြောင်းတွေကို ဒေသခံတော်လှန်ရေးခေါင်းဆောင်တစ်ဦးနဲ့ စစ်အုပ်စု တာဝန်ရှိသူတို့ အချင်းချင်းညှိနှိုင်းကာ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့နေရာက မြောင်းပျက်စီးမှုတွေကို မြေကော်စက်နဲ့ သွားရောက်ပြင်ဆင်ခဲ့ဖူးတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့ 

 

 

Related News

Depend on news