မင်းဘူးမှာ လူနေအိမ်ပေါ် သစ်ပင်လဲကျလို့ ၂ ဦး ထိခိုက်
မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ကျောက်စံကျေးရွာမှာ သစ်ပင်လဲကျပြီး လူနေအိမ်ပေါ်ကို ပိနေတာကြောင့် နေအိမ်အတွင်းရှိသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူထဲက အမျိုးသမီး ၁ ဦးဟာ စိုးရိမ်ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီကနေ့ မေ ၂၃ ရက် မနက် ၇ နာရီခန့်မှာ ကျောက်စံကျေးရွာရှိ လူနေအိမ် ၁ လုံးပေါ်ကို သစ်ပင်လဲကျပြီး ပိနေတာကြောင့် မင်းဘူးမြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ လူမှုကူညီရေးအဖွဲ့အစည်းတွေ ပူးပေါင်းကာ သစ်ပင်ခုတ်ထွင်ရှင်းလင်းရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါသစ်ပင်ပိမှုကြောင့် နေအိမ်အတွင်းက အသက် ၄၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အမျိုးသား ၁ ဦးလည်း ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးစလုံးကို ကျောက်စံကျေးရွာအခြေစိုက် “ကရုဏာရိပ်” လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်ဖြင့် မင်းဘူးပြည်သူ့ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးခဲ့ရပြီး လက်ရှိမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
