မြင်းခြံမှာ မိလ္လာကန်ဆင်းဆယ်ရင်း အမျိုးသား ၂ ဦး အောက်ဆီဂျင်ပြတ်ပြီး သေဆုံး

Author CJ Platform
Categories
Published on May 22, 2026

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၄ ရပ်ကွက်၊ နယ်မြေ ၂ မှာ ဒီကနေ့ မေ ၂၂ရက် မနက် ၁၁ နာရီက မိလ္လာကန်ဆင်းဆယ်တဲ့ အမျိုးသား ၂ ဦး အောက်ဆီဂျင်ပြတ်ပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ဒီကနေ့ မနက် ၁၁ နာရီခွဲမှာ အမျိုးသား ၂ ဦး မိလ္လာကန်ဆင်းဆယ်ရာမှ အပေါ်ပြန်မတက်၍ အိမ်ပိုင်ရှင်က မီးသတ်တပ်ဖွဲ့နဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေ အကြောင်းကြားခဲ့တာလို့ CJ Platform ကို ပြောပါတယ်။

 

“မိလ္လာကန်ဆင်းဆယ်ရင်း အပေါ်ကို အတော်နဲ့ ပြန်မတက်လာလို့ အိမ်ရှင်က မီးသတ်နဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေ အကြောင်းကြားလိုက်တာ။ ကယ်ဆယ်ရေးအဖွဲ့တွေ လာတော့ အပေါ်ကို ဆွဲတင်တဲ့အချိန်မှာ အသက်မရှိတော့ဘူး။ မီးသတ်အဖွဲ့က အောက်ဆီဂျင်ပြတ်ပြီး သေသွားတာလို့ ပြောတယ်။ သေသွားတဲ့သူ ၂ ယောက်က ရပ်ကွက်ထဲက နွမ်းပါးတဲ့သူတွေ” လို့ ပြောပါတယ်။

 

သေဆုံးသူ အမျိုးသား ၂ ဦးမှာ အသက် ၄၀ အရွယ် အမျိုးသား ၂ ဦးဖြစ်ပြီး မြင်းခြံမြို့နယ်၊ အမှတ် ၄ ရပ်ကွက်မှာ နေထိုင်သူတွေဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။

 

သေဆုံးသူ အမျိုးသား ၂ ဦး၏ ရုပ်အလောင်းကို အဖြူရောင်ကမ်းလက်များပရဟိတအသင်းက သေမှုသေခင်းဖွင့်ရန် မြင်းခြံခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

အခုနှစ် ဖေဖော်ဝါရီလ ၆ ရက်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီး မြို့ရှောင်လမ်းတွင် ဆီဘောက်ဆာကားတစ်စီးမှ ဆီဂျိုးများကို သန့်ရှင်းရေးဝင်လုပ်တဲ့ အမျိုးသား ၃ ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်က မွန်ပြည်၊ မော်လမြိုင်မြို့မှာ ရေတွင်းအတွင်း ဂွေဆင်းချရာကနေ အမျိုးသား ၂ ဦး အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

 

အလားတူပင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက် မနက်ကလည်း ဟိုပန်မြို့နယ်၊ မိုင်ခိုင်ရပ်ကွက်မှာ အမျိုးသား ၃ ဦး ရေတွင်းသန့်ရှင်းရေးလုပ်ရာမှ အောက်ဆီဂျင်ပြတ်၍ သေဆုံးခဲ့ပါတယ်။

 

ဓာတ်ပုံ – MSFD