KTV မှာ ကောင်မလေးလုရင်း သေနတ်နဲ့ချိန်တဲ့  အုတ်တွင်းမြို့နယ်ရဲမှူးကို လုပ်ငန်းရှင်တွေ တိုင်ကြား

Author CJ Platform
Categories
Published on May 21, 2026

KTV မှာ စားသုံးသူဧည့်သည်တွေနဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်း၊ အုတ်တွင်းမြို့မရဲစခန်းက မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်လင်းခိုင်ကို လုပ်ငန်းရှင်တွေက တိုင်ကြားထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မေလ ၁၈ ရက် ည ၁၀ နာရီက အုတ်တွင်းမြို့ပေါ်က KTV တစ်ခုမှာ သီချင်းသွားဆိုတဲ့ ရဲမှူး အောင်လင်းခိုင်အပါအဝင် ၂ ဦးနဲ့ စားသုံးသူလူငယ် ၅ ဦး ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် ဆိုင်ဘက်က ဖျန်ဖြေပေးခဲ့ပေမယ့် ကျေနပ်မှုမရှိတဲ့ လုပ်ငန်းရှင်တချို့က တိုင်ကြားခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကောင်မလေးလုရင်း ​ပြဿနာဖြစ်တာလို့လည်း ကြားတယ်။ အချို့ကလည်း အခန်းလုရင်း ပြဿနာဖြစ်တယ်လို့ ပြောနေကြတယ်၊ သတင်းက မျိုးစုံပဲ။ ရန်ဖြစ်တဲ့အချိန်မှာ ရဲမှူးက ကလေးတွေကို သေနတ်နဲ့ချိန်လို့ ကလေးမိဘတွေက တိုင်တာ။ သူနဲ့ဖြစ်တဲ့ ကလေးတွေက အုတ်တွင်းမှာ ပေါက်ရောက်တဲ့ မိဘတွေရဲ့ သားတွေ” လို့ ပြောပါတယ်။

 

အဆိုပါဖြစ်စဉ်ဖြစ်ပြီးနောက် မေလ ၂၀ ရက်မှာ ကလေးမိဘတွေက တာဝန်ချိန်မှာ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားမှုနဲ့ တိုင်းစစ်အုပ်စုအပါအဝင် ပြည်ထဲရေးဝန်ကြီးအထိ တိုင်ကြားခဲ့တယ်လို့ သတင်းအရင်းအမြစ်က ရှင်းပြပါတယ်။

 

ရဲမှူး အောင်လင်းခိုင်မှာ အုတ်တွင်းမြို့နယ်ကို ၂၀၂၅ ခုနှစ်မှ ပြောင်းရွှေ့လာပြီး မြို့ပေါ်လောင်းကစားဝိုင်းများ ဦးဆောင်ကာ အမြဲတစေ အရက်သေစာ သောက်စားတတ်သူတစ်ဦးဖြစ်တယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အရင်မြို့နယ်မှူး ရဲမှူး မင်းအောင် ပြောင်းသွားပြီး သူရောက်လာတာ အတော်ကြမ်းတာ။ ငွေတောင်းတဲ့နေရာမှာ မြို့ပေါ်က လောင်းကစားတွေကို သူပဲ ဦးဆောင်တာ။ KTV ကတော့ အမြဲပုံမှန်သွားတဲ့သူမျိုး၊ အုတ်တွင်းမှာ သူ မရောက်ဖူးတဲ့ KTV မရှိဘူး။ KTV မှာ အဆင်မပြေတဲ့နေ့ဆို မြို့နယ်ရုံးက ရဲတပ်သားတွေ အရိုက်ခံရပြီသာမှတ်” လို့ ရှင်းပြပါတယ်။

 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်းက အုတ်တွင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်လင်းခိုင်နဲ့ ဇနီးဖြစ်သူ ဒေါ်ဥမ္မာစန်းကို လက်အောက်ငယ်သား ရဲတပ်ဖွဲ့ဝင်ကို ရိုက်နှက်သည့်ကိစ္စနဲ့ တောင်ငူခရိုင်ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ပေမယ့် ငွေကြေးများစွာ လာဘ်ထိုးခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်