ပြင်သစ် Thales ကုမ္ပဏီက မြန်မာစစ်တပ်ထံ ရေဒါများ တရားမဝင်ရောင်းချခဲ့မှုအပေါ် စုံစမ်းစစ်ဆေးရန် JFM တောင်းဆို
ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြင်သစ်အခြေစိုက် ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Thales က ချိုးဖောက်ခဲ့ဖွယ်ရှိကြောင်း Disclose နဲ့ Info Birmanie တို့က ဖော်ထုတ်လိုက်ပြီးနောက် ပြင်သစ်အာဏာပိုင်တွေအနေနဲ့ ၎င်းကုမ္ပဏီကို ချက်ချင်းစုံစမ်းစစ်ဆေးရန် Justice For Myanmar (JFM) က ဒီကနေ့ မေလ ၂၀ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Justice For Myanmar ရဲ့ အထောက်အထားတွေကို ကိုးကားပြီး Disclose နဲ့ Info Birmanie တို့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်အရ ပြင်သစ်အစိုးရက တစ်စိတ်တစ်ပိုင်း ရှယ်ယာပိုင်ဆိုင်ထားတဲ့ Thales ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း မြန်မာစစ်တပ်ထံ Coast Watcher 100 ရေကြောင်းစောင့်ကြည့်ရေးရေဒါ ၆ လုံးကို ယူရို ၁၆ သန်း (အကျိုးအမြတ် ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်) ဖြင့် ရောင်းချခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအရောင်းအဝယ်ကို မြန်မာစစ်တပ်နဲ့ နက်ရှိုင်းစွာ ဆက်နွယ်နေပြီး စစ်အုပ်စုအတွက် လက်နက်ပွဲစားအဖြစ် ဆောင်ရွက်ပေးနေတဲ့ ကျော်သောင်းမိသားစုပိုင် KT Group နဲ့ Ky-Tha Group စီးပွားရေးလုပ်ငန်းစုတွေက ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Thales ကုမ္ပဏီက ရောင်းချခဲ့တဲ့ အဆင့်မြင့်ရေဒါတွေကို စစ်အုပ်စုက ကမ်းရိုးတန်းဒေသတွေရှိ ရိုဟင်ဂျာတွေရဲ့ သွားလာမှုကို ကန့်သတ်ခြင်း၊ ရေတပ်က လှေတွေကို ကြားဖြတ်တားဆီးခြင်းတွေနဲ့ အရပ်သားတွေကို အကြောင်းမဲ့ဖမ်းဆီးတာစတဲ့ ပြည်တွင်းဖိနှိပ်မှုတွေနဲ့ ရာဇဝတ်မှုတွေမှာ အသုံးပြုခဲ့တာကြောင့် ဒီလုပ်ရပ်ဟာ အီးယူရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကို ဗြောင်ကျကျ ချိုးဖောက်ရာရောက်ကြောင်း ထောက်ပြပြောဆိုထားပါတယ်။
အမေရိကန်အစိုးရဟာ ၂၀၂၂ ခုနှစ်မှာ KT Group ဥက္ကဋ္ဌ ဂျိုနသန်မျိုးကျော်သောင်းနဲ့ ကုမ္ပဏီအချို့ကို ပိတ်ဆို့အရေးယူခဲ့ပေမယ့် သုံးနှစ်အကြာမှာ ယင်းစာရင်းမှ ပြန်လည်ပယ်ဖျက်ပေးခဲ့တာဖြစ်ပြီး အခုထွက်ပေါ်လာတဲ့ သက်သေအထောက်အထားများအရ အမေရိကန်အနေနဲ့ ၎င်းတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်သင့်ပြီး အီးယူ၊ ဗြိတိန်၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတို့ကလည်း KT/Ky-Tha ကွန်ရက်တစ်ခုလုံးအပေါ် ညှိနှိုင်းပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။
ပြင်သစ်အစိုးရဟာ Thales ကုမ္ပဏီရဲ့ အကြီးဆုံးရှယ်ယာရှင်ဖြစ်တဲ့အတွက် ပြင်သစ်အာဏာပိုင်တွေမှာ အရေးယူဆောင်ရွက်ရန် ပိုမိုကြီးမားသော တာဝန်ရှိကြောင်း ဆိုထားပါတယ်။ ဒါကြောင့် အီးယူပိတ်ဆို့မှုကို ချိုးဖောက်ကာ Coast Watcher 100 ရေဒါ တင်ပို့ရောင်းချခဲ့မှုအပေါ် Thales ကို စုံစမ်းစစ်ဆေးပြီး ဥပဒေနဲ့အညီ တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန် JFM က ပြင်းပြင်းထန်ထန် တောင်းဆိုထားပါတယ်။
ဓာတ်ပုံ – JFM
