ကျောင်းကုန်းတွင် မိုးကြိုးပစ်၍ လူသေဆုံးမှုကို အကြောင်းပြကာ တိုက်နယ်ရဲစခန်းက မိသားစုထံမှ ငွေကြေး သိန်းနှင့်ချီ ဖိအားပေးတောင်းနေ
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ မိုးကြိုးပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်အပေါ် ရင်ခွဲရုံစရိတ်အပါအဝင် ဒေါင့်ကြီးနယ်မြေရဲစခန်းက အမှုပိတ်ပေးမည်ဟုဆိုကာ ငွေကြေးသိန်းနဲ့ချီပြီး မတရားတောင်းခံ ညှစ်ယူနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက် ညနေ ၅ နာရီခွဲခန့်က ကျောင်းကုန်းမြို့နယ်၊ ဒူးချဆိပ်ရွာနေသူ အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ကျေးရွာပြင်ပလယ်ကွင်းအတွင်း နွားစာကောက်ရိုးတွေ သွားရောက်တင်ဆောင်နေစဉ် မိုးကြိုးထိမှန်ကာ နေရာမှာတင် လဲကျသေဆုံးခဲ့ပြီး အဆိုပါသေဆုံးမှုကို ဒေါင့်ကြီးနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၂/၂၀၂၆) ဖြင့် အမှုဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
မိသားစုဝင်တွေနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ အဆိုပါ ၅၈ နှစ်အရွယ် အမျိုးသား သေဆုံးပြီးနောက် ဒေါင့်ကြီးတိုက်နယ်ဆေးရုံက ရင်ခွဲစစ်ဆေးရန်ဟုဆိုကာ ရုပ်အလောင်းကို လာရောက်ယူဆောင်သွားပြီးနောက် ဆေးရုံစရိတ်နဲ့ ရဲစခန်းအဆင့်ဆင့်အတွက် ငွေကျပ် ၈ သိန်းခန့် ကုန်ကျခဲ့ကြောင်း၊ စစ်အုပ်စုက ထောက်ပံ့ကြေး ငွေကျပ် ၃ သိန်းကို ကျန်ရစ်သူမိသားစုက ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် သေဆုံးပြီး ၇ ရက်ခန့်အကြာမှာ ရဲစခန်းက အမှုပိတ်ပေးမည်ဟုဆိုကာ ငွေကျပ် ၇ သိန်း ထပ်မံတောင်းခံခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မေလ ၁၉ ရက်မှာတော့ ဒေါင့်ကြီးရဲစခန်းက မိသားစုဝင်တွေကို ထပ်မံခေါ်ယူကာ ကျောင်းကုန်းမြို့နယ်စခန်းမှာ အမှုလိုက်ပိတ်ပေးဖို့နဲ့ လက်မှတ်ထိုးရန်အတွက်ဆိုကာ ငွေကျပ် ၄ သိန်း ထပ်မံပေးဆောင်ရန် ဖိအားပေး ချိန်းဆိုထားတယ်လို့ ကာယကံရှင်မိသားစုဝင်တွေနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“လာမယ့် သောကြာနေ့ကို ပေးဖို့ အချိန်းခံထားရတယ်တဲ့။ သူတို့ကလည်း အလုပ်မရှိ၊ ပိုက်ဆံမရှိတော့ အဆင်မပြေဘူး။ မြန်မာနိုင်ငံမှာ သေဖို့တောင် စဉ်းစားရမယ့်အခြေအနေ ဖြစ်နေပြီ။ တိုင်မယ်ဆိုရင်လည်း ရပ်ရွာအုပ်ချုပ်ရေးမှူးကအစ အကုန်လုံးက အလိုတူအလိုပါတွေ ဖြစ်နေတယ်” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
လက်ရှိမှာ ကာယကံရှင်မိသားစုတွေနဲ့ အနီးနားရှိ ဒေသခံတွေက စစ်အုပ်စုလက်အောက်ခံရဲစခန်းရဲ့ မတရားလုပ်ရပ်ကို သိရှိပေမယ့် စစ်အုပ်စုလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖိနှိပ်မှုကြောင့် မည်သူတစ်ဦးတစ်ယောက်ကမှ ဝင်ရောက်ပြောဆိုရဲခြင်းမရှိဘဲ ခေတ်ပျက်ကို အခွင့်ကောင်းယူကာ ပြည်သူလူထုအပေါ် အဂတိလိုက်စား ငွေညှစ်နေကြတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
