မောတောင်မြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်၊ တိုက်ပွဲကြောင့် ဒေသခံပြည်သူ ရာနှင့်ချီ ထိုင်းနယ်စပ်အနီး ပိတ်မိပြီး ဒုက္ခရောက်နေ
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နယ်မြေ၊ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မောတောင်မြို့ကို စစ်အုပ်စုက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မေလ ၁၉ ရက်မှာ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေးအဖွဲ့တွေက ဖော်ပြလာပါတယ်။
ဒီလ မေလဆန်းပိုင်းက စတင်ပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ မနေ့က မေ ၁၉ ရက်မှာ မောတောင်မြို့ကို ပြန်လည်ဝင်ရောက် ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိအချိန်မှာ တော်လှန်ရေးတပ်တွေက မောတောင်မြို့ကို ဆုတ်ခွာပေးလိုက်ရတယ်လို့ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေ စိုးမိုးထားတဲ့ မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ တနင်္သာရီ – ရေဖြူ – သိန်းခွန် – သဲဖြူ – မောတောင်လမ်းကြောင်းကို မေလ ၅ ရက်က ပြန်လည်ထိုးစစ်ဆင်ရာ ထိတွေ့တိုက်ပွဲပေါင်း ၂၀၀ ကျော် ဖြစ်ပွားပြီး မေလ ၉ ရက်မှစ၍ ပွိုင့် ၂၇၁ တောင်ကုန်း၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ ယာယီခံစစ်နေရာ ၂ ခု၊ ဖောင်ဆိပ်ကျေးရွာ၊ နှုံးပွားကျေးရွာ၊ အမှတ် (၅) ကျေးရွာ၊ အမှတ် (၃) ကျေးရွာ၊ အမှတ် (၁) ကျေးရွာတို့ကို အဆင့်ဆင့် သိမ်းပိုက်ခဲ့ပြီးနောက် မေလ ၁၉ ရက် ညနေပိုင်းမှာ မောတောင်မြို့ကို အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်ထားပါတယ်။
စစ်အုပ်စု သတင်းဖော်ပြချက်တွေမှာ မောတောင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒေသခံတွေအနေနဲ့ ဝမ်းမြောက်နေကြောင်း ဝါဒဖြန့်ထားပေမယ့် မြေပြင်မှာ စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံတွေအနေနဲ့ ရက်သတ္တပတ်ကျော်ကြာ စစ်ဘေးရှောင်နေရပြီး ဒုက္ခကြုံတွေ့နေရတယ်လို့ သိရပါတယ်။
မြေပြင်အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက “စစ်ကြောင်းထိုးတာ ဟုတ်တယ်။ တစ်ပတ်ကျော်ပြီ အကုန်စစ်ရှောင်နေရတယ်။ နယ်စပ်မှာပဲ ထိုင်းဘက်ကလည်း အဝင်မခံလို့ အကုန်ဒုက္ခရောက်နေတယ်။ လူဦးရေ ရာချီတယ်” လို့ CJ Platform ကို ပြောပါတယ်။
စီးပွားရေးနဲ့ ကုန်သွယ်ရေးအရ အရေးပါတဲ့ အဆိုပါ မောတောင်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှာ KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက မောတောင်နယ်စပ်စခန်းကို သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီး သိမ်းပိုက်ခဲ့စဉ် စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခု ၂၀၂၆ ခုနှစ် မေလ ၁၉ ရက်မှာတော့ စစ်အုပ်စုက ပြန်လည်ထိန်းချုပ်သွားခဲ့တာဖြစ်ပြီး မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့တဲ့ စစ်အုပ်စုဟာ တနင်္သာရီတိုင်းအတွင်း အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ကြွေးကြော်ထားပါတယ်။
