ကျောင်းသုံးကိရိယာနဲ့ ကျောင်းဝတ်စုံတွေ ဈေးတက်လို့ မိဘတွေ အခက်အခဲဖြစ်

Author CJ Platform
Categories
Published on May 20, 2026

အခမဲ့ပညာရေးစနစ်ဆိုပေမယ့် ကျောင်းသုံးကိရိယာတွေနဲ့ ကျောင်းဝတ်စုံတွေ ဈေးနှစ်ဆနီးပါး မြင့်တက်လာတာကြောင့် ကျောင်းသားမိဘတွေ အခက်အခဲနဲ့ ကြုံနေရတယ်လို့ မိဘတွေဆီက သိရပါတယ်။

 

အရင်နှစ်က ကျောင်းသုံးစာအုပ် ၁ ဒါဇင်ကို ၁၂,၀၀၀ ကျပ်ရှိရာမှ အခုနှစ် ကျောင်းသုံးစာအုပ် ၁ ဒါဇင်ဈေးမှာ ၂၄,၀၀၀ နီးပါး ဖြစ်သွားပြီး ကျောင်းသားနှစ်ယောက်ရှိတဲ့ အိမ်တစ်အိမ်အနေနဲ့ ကုန်ကျစရိတ် ၃ သိန်းခွဲရှိတယ်လို့ ကျောင်းသားမိဘတစ်ဦးက CJ Platform ကို ​ပြောပါတယ်။

 

“အရင်နှစ်က စာအုပ် ၁ ဒါဇင်ကို ၁၂,၀၀၀၊ ၁၃,၀၀၀ လောက်ပဲရှိတာ၊ ဒီနှစ် စာအုပ် ၁ ဒါဇင်ကို ၂၄,၀၀၀ ကနေ ၂၆,၀၀၀ အထိ ပေးရတယ်။ ခဲတံက ၁ ဒါဇင်ကို အရင် ၆,၀၀၀၊ အခု တစ်သောင်းကျော်တယ်။ ကွန်ပါဗူးဆိုလည်း ၈,၀၀၀၊ ၁၀,၀၀၀။ ကျောင်းသားနှစ်ယောက်အတွက် ၃ သိန်းခွဲ၊ ၄ သိန်းလောက် ရှာထားရတယ်။ ဒါတောင် ကျောင်းဝတ်စုံဖိုး မပါဘူး” လို့ ပြောပါတယ်။

 

ကျောင်းဝတ်စုံတွေမှာလည်း အရင်နှစ်က ကလေးဝတ်တစ်စုံကို ၈,၀၀၀ ကျပ်ရှိရာမှ အခုနှစ်တွင် ၁၅,၀၀၀ အထိ ဈေးနှုန်းမြင့်တက်သွားပြီး လူကြီးဝတ်များမှာ ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ ဈေးတက်သွားတယ်လို့ မိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျောင်းဝတ်စုံတွေက အရင်နှစ်ကထက် ဒီနှစ်ပိုပြီး ဈေးတက်လာတော့ ကလေးတွေကို ဝယ်မပေးတော့ဘူး၊ အဟောင်းတွေပဲ ပြန်ဝတ်ခိုင်းပြီး အဆင်ပြေမှပဲ ဝယ်ပေးတော့မယ်လို့ စိတ်ကူးထားတယ်။ ပြီးခဲ့တဲ့နှစ်တွေက ကျောင်းအပ်ရာသီမှာ ပြဿနာမရှိပေမယ့် ဒီနှစ်ကျတော့ အလုပ်ကလည်းမကောင်း၊ အိမ်ခန်းခတွေ ပေးရတော့ ပိုပြီးကျပ်တည်းတယ်” လို့ ပြောပါတယ်။

 

ကျောင်းဝတ်စုံတွေနဲ့ ကျောင်းသုံးကိရိယာများနည်းတူ ထီး၊ ဖိနပ်၊ မိုးကာ၊ ရေဘူး၊ ထမင်းချိုင့်မှာလည်း ကျောင်းတက်ရာသီမှာ ဈေးနှုန်းမြင့်တက်လာ၍ မိဘများ အခက်အခဲဖြစ်နေတာလို့ ပြောပါတယ်။

 

ဒီနှစ် ကျောင်းသားတစ်ဦးရဲ့ ကုန်ကျစရိတ်မှာ မူလတန်းဆို ၁ သိန်းခွဲမှ ၂ သိန်း ကုန်ကျစရိတ်ရှိပြီး အလယ်တန်းဆို ၂ သိန်းခွဲမှ ၃ – ၄ သိန်းအထိ ကုန်ကျစရိတ်ရှိကာ အထက်တန်းတွင် ၄ သိန်းမှ ၅ သိန်းအထိ ရှိတယ်လို့ မိဘတွေဆီက သိရပါတယ်။

 

စစ်အုပ်စုဘက်က မသင်မနေရ အခမဲ့ပညာရေးစနစ်လို့ ဆိုပေမယ့် ကျောင်းတွေက ပံ့ပိုးမှုမရှိတာကြောင့် ပညာရေးကိစ္စအတွက် အစအဆုံး တာဝန်ယူရတဲ့ မိဘတွေအနေနဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC