မှတ်ပုံတင်လုပ်ရာတွင် ပိုက်ဆံပေးရကြောင်း အထောက်အထားနဲ့တိုင်ရင် အရေးယူမယ်လို့ လဝက ထုတ်ပြန်  ပြည်သူတွေက တိုင်လည်းမထူးဘူလို့ တုံ့ပြန်

Author CJ Platform
Categories
Published on May 18, 2026

မှတ်ပုံတင်ပြုလုပ်ရာတွင် ပြည်သူလူထုက ငွေကျပ်သိန်းချီ၊ သောင်းချီ ပေးနေရပေမယ့် ပိုက်ဆံပေးရတဲ့ ဝန်ထမ်းကို အထောက်အထားနဲ့တိုင်ရင် အရေးယူသွားမယ်လို့ စစ်အုပ်စုရဲ့ လဝကဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

 

ငွေကြေးတောင်းခံပါက ဝန်ထမ်းအမည်၊ ရုံးအမည်၊ တောင်းသည့်နေ့ရက်၊ ဖြစ်စဉ်အကျဉ်းတို့ကို တိတိကျကျနဲ့ တိုင်ပါက အရေးယူဆောင်ရွက်သွားမည်ဆိုပြီး ဒီကနေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

 

ရွှေပြည်သာမြို့ခံတစ်ဦးက “တိုင်လို့ရတယ်ဆိုတဲ့စာ လဝကရုံးတွေမှာ ကပ်ထားတာ နှစ်ပေါင်းများစွာကတည်းက။ တိုင်လိုက်ရင် တိုက်နယ်မှူး၊ မြို့နယ်ဦးစီးမှူး ပေါင်းပြီး တိုင်တဲ့သူကို ဒုက္ခပေးတာ။ မှတ်ပုံတင်လုပ်ရင် ပုံစံစာရွက်ကစပြီး နိုင် ၂ စာရွက်အထိ ပိုက်ဆံပေးနေရတာ” လို့ ပြောပါတယ်။

 

လဝကရုံးများတွင် ပြည်သူလူထုအနေဖြင့် ကိုယ်တိုင်ဆောင်ရွက်ခြင်းမရှိဘဲ ပွဲစားများနဲ့ ချိတ်ဆက်ဆောင်ရွက်တာကြောင့် ငွေကြေးပေးရတဲ့ဖြစ်စဉ်များ ဖြစ်ခဲ့တယ်လို့လည်း လဝကထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

လဝကရုံးတိုင်းတွင် တိုက်နယ်မှူးများက ပွဲစားတစ်ဦးစီ မွေးမြူထားပြီး ငွေကြေးပေးရသည့်ကိစ္စရပ်များကို ပွဲစားများနှင့်သာ ချိတ်ဆက်လုပ်ကိုင်ခိုင်းတယ်လို့ မြောက်ဥက္ကလာမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တိုက်နယ်မှူးတွေက ပြည်သူကို သေချာမရှင်းပြဘူး၊ အထောက်အထားပြည့်စုံနေလည်း ဟိုနေ့ချိန်း ဒီနေ့ချိန်းလုပ်နေတော့ ပြည်သူက အမြန်လုပ်လို့ရတဲ့ ပွဲစားတွေဆီကတစ်ဆင့် လုပ်ရော။ အမှန်က အဲဒီပွဲစားတွေကို တိုက်နယ်မှူးတွေက မွေးထားတာ။ မြောက်ဥက္ကလာမှာဆို ရပ်ကွက်တစ်ခုမှာ လဝကပွဲစားတစ်ယောက်ရှိတယ်၊ ဒါကို ဦးစီးမှူးတွေလည်း သိတယ်။ သူတို့ကိုယ်တိုင်လည်း ပွဲစားတွေနဲ့ သောက်ဖော်စားဖက်တွေ” လို့ ထောက်ပြပါတယ်။

 

ရက် ၁၀၀ စီမံချက်တွင် မှတ်ပုံတင် မရ၊ မရှိ မဖြစ်ရအောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စီမံကိန်း၊ မြို့နယ်လဝကတို့နဲ့ ငါးဦးကော်မတီ ဖွဲ့စည်းလုပ်ပေးနေတယ်လို့လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

 

လှိုင်သာယာမြို့ခံတစ်ဦးက “ငါးဦးကော်မတီ လက်မှတ်ထိုးတာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၁,၀၀၀၊ မြို့နယ်ကျန်းမာရေးက ၂,၀၀၀၊ ရဲစခန်းက ၂,၀၀၀၊ စီမံကိန်းက ၃,၀၀၀၊ လဝကဦးစီးမှူးက ၃,၀၀၀ ပေးရတယ်။ အဲဒီမှာတင် ၁၀,၀၀၀ ကျော် ကုန်နေပြီ။ ဒါတောင် မှတ်ပုံတင် မလုပ်ရသေးဘူး၊ ငါးဦးကော်မတီ လက်မှတ်ထိုးတာပဲ ရှိသေးတယ်” လို့ ဝေဖန်ပြောဆိုပါတယ်။

 

စစ်အုပ်စုခန့် လဝကဝန်ကြီးဌာနကတော့ ပိုက်ဆံမပေးရဘဲ ပေးရတယ်လို့ လူမှုကွန်ရက်မှာ မမှန်မကန် ရေးသားဖော်ပြသူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် အောက်ခြေမှာတော့ ပြည်သူလူထုက မှတ်ပုံတင်တစ်ခုရဖို့ ငွေသောင်းချီ သိန်းချီ ကုန်ကျနေပါတယ်။

 

ဓာတ်ပုံ – Pro SAC