ရန်ကုန်မှာ ရပ်ကျေးအုပ်ချုပ်ရေးရွေးကောက်ပွဲ ဝင်ပြိုင်ရန် ကြံ့ခိုင်ရေးပါတီဝင်နဲ့ စစ်တပ်ထောက်ခံသူများ တက်ကြွနေ

Author CJ Platform
Categories
Published on May 18, 2026

ရန်ကုန်မြို့မှာ ရပ်ကျေးရွေးကောက်ပွဲလုပ်ဖို့ ရှိနေပြီး ကြံ့ခိုင်ရေးပါတီက သူတွေနဲ့ စစ်တပ်ထောက်ခံတဲ့ အစုအဖွဲ့တွေ ဝင်အရွေးခံဖို့ အပြိုင်ပြင်ဆင်နေကြတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

 

ရပ်ကျေးရွေးကောက်ပွဲလုပ်ဖို့အတွက် မြို့နယ်ထွေအုပ်က ရပ်ကွက်အလိုက် ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပြီး အခုလထဲမှာ မဲပေးရွေးချယ်ခန့်အပ်ဖို့ ရှိ​နေတာလို့ သိရပါတယ်။

 

ရပ်ကျေးရွေးကောက်ပွဲမှာ ရပ်ရေး၊ ရွာရေး စိတ်ဝင်စားတဲ့ သာမန်ပြည်သူထဲက ဝင်ရောက်ယှဉ်ပြိုင်မယ့်သူ မတွေ့ရဘဲ အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်ပတ်သက်သူတွေပဲ တက်တက်ကြွကြွ ဖြစ်နေတယ်လို့ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စုမှ ဒေသခံတစ်ယောက်က ပြောပါတယ်။

 

“ဒီနေ့ ကော်မရှင်မှာ ပါမယ့်သူတွေကို ရွေးတယ်။ နောက်တစ်ပတ်မှာ အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ လုပ်မယ်လို့ အစည်းအဝေးခေါ်ပြီး ပြောတယ်။ ဒီမိုကရေစီနည်းလမ်းအတိုင်း မဲပေးရွေးချယ်ရမှာလို့ မြို့နယ်ထွေအုပ်ရုံးက အရာရှိက လေကြီးလေကျယ် ပြောသွားတယ်။ တကယ့်တကယ် ကြည့်လိုက်တော့ အခုလူတွေပဲ ဆက်လုပ်မယ့်သဘောပဲ။ ဒီနှစ်ပိုင်းလောက်မှာ စီးပွားဖြစ်နေတာ၊ အရသာတွေ့နေပြီလေ” လို့ သူက ပြောပါတယ်။

 

အဲဒီလို အုပ်ချုပ်ရေးမှူး ပြန်ရွေးမယ်ဆိုတဲ့အတွက် အောင်မင်္ဂလာအဝေးပြေးဝင်းမှာ အာဏာအလွဲသုံးစားလုပ်ပြီး အကျိုးစီးပွားရှာ​နေတာကို စစ်ဆေးတွေ့ရှိခဲ့လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အနားပေးခံခဲ့ရတဲ့ မွန်ကြီးဆိုသူမှာ ပြန်အရွေးချယ်ခံဖို့ အခုကတည်းက လိုက်စည်းရုံးနေတယ်လို့ အဲဒီကားဝင်းထဲမှာ နေထိုင်တဲ့ လုပ်ငန်းရှင်တစ်ယောက်က ဆိုပါတယ်။

 

“မွန်ကြီးက အဖွဲ့အစည်းတိုင်းနဲ့ ပေါင်းပြီး စားခဲ့တာ။ သူ မပြုတ်ခင်ကဆိုရင် ရုံးအဖွဲ့က သူ့မိသားစုတွေချည်း ခန့်ထားတာ။ အခု ​နေရာပြန်ယူဖို့ ခေါင်းထောင်လာတယ်၊ လိုက်ဆွယ်နေတယ်” လို့ ပြောပါတယ်။

 

ရပ်ကွက်အုပ်ချုပ်​ရေးမှူးနဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ရပ်ရွာ​နေ​ပြည်သူ​တွေက မဲပေးရွေးချယ်ရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးဥပဒေကို ၂၀၁၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး အာဏာမသိမ်းခင်အချိန်အထိ ရွေးကောက်ခံအုပ်ချုပ်ရေးမှူးတွေ တာဝန်ယူခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းလိုက်ပြီး​နောက်မှာ ရွေးကောက်ခံအုပ်ချုပ်ရေးမှူး အများစု နှုတ်ထွက်သွားကြလို့ စစ်အုပ်စုက သူတို့ခိုင်းတာ လုပ်ပေးနိုင်မယ့်သူတွေနဲ့ အစားထိုးခဲ့တာ​ ဖြစ်ပါတယ်။

 

လက်ရှိမှာ အသွင်ပြောင်းအာဏာရှင်စစ်အစိုးရ ပြင်ဆင်ဖွဲ့စည်းလိုက်ပြီးနောက် အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေကိုပါ ရွေးကောက်ခံအဖြစ် ပုံဖော်ဖို့ စစ်အုပ်စုက ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – MMK