စက်မှုဇုန်တွေကို လျှပ်စစ်မီတာခ ၉၀၀ ကျပ်အထိ တိုးကောက်ပေမယ့် မီးပျက်

Author CJ Platform
Categories
Published on Feb 28, 2026

မြန်မာနိုင်ငံတစ်ဝန်းက စက်မှုဇုန်တွေကို လျှပ်စစ်မီတာသုံးစွဲခ တစ်ယူနစ် ၉၀၀ ကျပ်အထိ စစ်ကော်မရှင်က တိုးမြှင့်ကောက်ခံနေပေမယ့် လျှပ်စစ်မီးပြတ်တောက်မှု ရှိနေဆဲဖြစ်တယ်လို့ ရွှေပြည်သာစက်မှုဇုန် အထည်ချုပ်စက်ရုံ မန်နေဂျာတစ်ဦးထံက သိရပါတယ်။

 

သဘာဝဓာတ်ငွေ့ရည် (LNG) ကို အသုံးပြုပြီး စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန်တွေကို ဓာတ်အားဖြတ်တောက်မှု (Load Shed) မလုပ်ဘဲ ၂၄ နာရီ သီးခြားဓာတ်အားလိုင်း ပေးသွားမယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

 

“မီးပျက်တာကတော့ အရင်လို အရမ်းကြီး မဆိုးတော့ပေမယ့် လိုင်းဖော့ (Line Fault) ဖြစ်တဲ့အချိန် ပျက်တာမျိုးတွေ ရှိတယ်။ တစ်ခါတလေ ၁ နာရီလောက်တော့ ကြာတယ်။ မီးပျက်တော့လည်း မီးစက်မောင်းရတာပဲ” လို့ အထည်ချုပ်စက်ရုံ မန်နေဂျာတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်နဲ့ နှုန်းထားအသစ် ကောက်ခံမှုဟာ ယခင်နှုန်းထားနဲ့ နှိုင်းယှဉ်ပါက လစဉ်မီတာခ ကုန်ကျစရိတ် ၃ ဆနီးပါး တက်သွားနိုင်ပြီး လစဉ်မီတာခ သိန်း ၁,၀၀၀ ဝန်းကျင် ကျသင့်နေရာက အခုဆို သိန်း ၃,၀၀၀ နီးပါးအထိ ကျသင့်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

 

“အခု သူတို့ တိုးလိုက်တဲ့နှုန်းက အရင် မီးပုံမှန်မလာတဲ့အချိန် မီးစက်မောင်းရတဲ့ကာလတွေက ဆီဖိုးကုန်ကျစရိတ်နဲ့ အတူတူလောက် ဖြစ်နေတယ်။ စက်ရုံအော်ဒါတွေကလည်း ၅၀ ရာခိုင်နှုန်းလောက် ကျသွားတယ်။ အမေရိကန်ဘက်က အော်ဒါမရတော့ဘူး” လို့လည်း ပြောပါတယ်။

 

လျှပ်စစ်မီတာခနှုန်းထား ပြင်ဆင်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး စစ်ကော်မရှင်က မနေ့က ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်လာသလို စက်မှုဇုန်တွေက မီတာခနှုန်းထားအသစ်နဲ့ ကောက်ခံမှုဟာ အခု ဖေဖော်ဝါရီ ၁ ရက်ကတည်းက စတင်နေပြီလို့လည်း ဖော်ပြထားပါတယ်။

 

စက်မှုဇုန်နဲ့ အထူးစီးပွားရေးဇုန် ပြင်ပမှာရှိတဲ့ စက်မှု/စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မီတာခနှုန်းထား တစ်ယူနစ် ၉၀၀ ကျပ်နဲ့ ရယူသုံးစွဲလိုပါက ဒေသဆိုင်ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို လျှောက်ထားနိုင်ပြီး လက်ရှိမှာ အိမ်သုံးမဟုတ်တဲ့ လျှပ်စစ်နှုန်းထားအတွက် မီတာခကို တစ်ယူနစ် ၂၅၀ ကျပ်ကနေ ၅၀၀ ကျပ်အထိ သတ်မှတ်ကောက်ခံသွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – Pro SAC

 

 

 

Related News

Depend on news