ကျောက်ဖြူမှာ အထိနာနေတဲ့ စစ်အုပ်စုက တပ်တွင်းမှာတော့ အောင်ပွဲရနေသလို ဝါဒဖြန့်
ရခိုင်ပြည်၊ ကျောက်ဖြူတိုက်ပွဲမှာ စစ်အင်အားပြုန်းတီးမှုနဲ့ ထိခိုက်သေဆုံးမှုတွေ များနေချိန် တိုက်ပွဲအောင်ပွဲရနေဟန် ဝါဒဖြန့်မှုတွေကို စစ်တပ်တွင်းမှာ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက CJ Platform ကို ပြောပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ စစ်အုပ်စုတို့ တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေပေမယ့် စစ်အုပ်စုဘက် စစ်ကူအင်အားတွေ အကြိမ်ကြိမ်ပို့ဆောင်နေရတာကြောင့် စစ်အင်အားပြုန်းတီးမှု ပိုမိုများပြားနေတာ ဖြစ်တယ်လို့ ကိုနောင်ရိုးက သုံးသပ်ပြောပါတယ်။
“ကျောက်ဖြူတိုက်ပွဲမှာလည်း နှစ်ဖက်စလုံးမှာ ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ကျွန်တော်တို့ ကြားသိရတယ်။ စစ်တပ်ဘက်မှာလည်း အတော်လေးကို ထိခိုက်ကျဆုံးမှု များနေတဲ့ အနေအထားကိုတော့ သုံးသပ်လို့ရတယ်ပေါ့။ ဘာလို့လဲဆိုတော့ စစ်ကူတပ်သားသစ်တွေ ဆက်တိုက်ပို့နေရတဲ့ အနေအထားကိုကြည့်ရင် ကျောက်ဖြူတိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာမှုကို မြင်လို့ရတယ်” လို့ ကိုနောင်ရိုးက ပြောပါတယ်။
ဒါပေမယ့် စစ်အုပ်စုရဲ့ ဝါဒဖြန့်သတင်းစာတွေမှာတော့ ကျောက်ဖြူမြို့နယ် ဒေသတစ်ဝိုက် တိုက်ပွဲတွေမှာ အောင်ပွဲအလီလီ ရယူခဲ့တဲ့ ရှေ့တန်းပြန်စစ်သားတွေကို ရန်ကုန်တိုင်း၊ လှည်းကူးမြို့ အင်းတိုင်ရွာမှာ အခု ဖေဖော်ဝါရီ ၁၁ ရက်က ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီလို ဝါဒဖြန့်လုပ်ဆောင်မှုတွေဟာ ရှမ်းပြည်မြောက်ပိုင်း၊ တောင်းခမ်း တန်ပြန်ထိုးစစ်နောက်ပိုင်း စစ်အုပ်စုဘက်က ပိုမိုလုပ်ဆောင်လာပြီး တပ်တွင်းစိတ်ဓာတ်တက်ကြွအောင်၊ တိုက်ပွဲတွေအတွင်းမှာ အောင်ပွဲရနေတဲ့ စစ်သားတွေကို ဂုဏ်ပြုကြိုဆိုတဲ့ ပုံစံတွေနဲ့ ဝါဒဖြန့်ပုံဖော်နေတာလို့ ဆိုပါတယ်။
“ဒါပေမယ့် တကယ့်နောက်ကွယ်မှာတော့ အများကြီး အခြေအနေဆိုးပါတယ်။ စိတ်မကောင်းစရာတစ်ခုက ထိခိုက်ကျဆုံးမှုတွေ အများစုက စစ်မှုထမ်းတပ်သားသစ်တွေပေါ့။ သူတို့ စစ်ကူအင်အား ဆက်တိုက်ပို့နေတဲ့ အားတွေကလည်း စစ်မှုထမ်းတပ်သားသစ်တွေပဲ ဖြစ်တယ်။ သင်တန်းဆင်းလိုက်၊ ရေကြောင်းကနေ စစ်ကူပို့လိုက်ဆိုတဲ့ အနေအထားတွေ တွေ့ရတယ်” လို့ ကိုနောင်ရိုးက ပြောပါတယ်။
ဒါ့အပြင် ကျောက်ဖြူတိုက်ပွဲမှာ စစ်အုပ်စုဘက်က တိုက်ခိုက်အောင်ပွဲရနေတယ်လို့ စစ်သင်တန်းကျောင်းတွေမှာ စစ်မှုထမ်း တပ်သားသစ် စုဆောင်းခံထားရသူတွေကို ဝါဒဖြန့်ပြောဆိုမှုတွေလည်း ရှိနေတယ်လို့ AA ထံ လက်နက်ချအလင်းဝင်လာတဲ့ စစ်အုပ်စုတပ်သား နိုင်ခန့်ကျော်ရဲ့ ပြောဆိုမှုကို AA သတင်းပြန်ကြားရေးကလည်း အခု ဖေဖော်ဝါရီ ၄ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။
“တကက (၈) ကျောင်းအုပ်ကြီးရဲ့ လက်ချာပိုင်းမှာဆိုရင် ကျောက်ဖြူအကြောင်းပါတယ်။ ကျောက်ဖြူမှာဆိုရင် ရန်သူတွေကို ဒရုန်းတွေနဲ့ ဘယ်လိုတိုက်ခိုက်တာ၊ ဘယ်လိုချေမှုန်းတယ်၊ သူတို့တပ်ဖွဲ့ဝင်တွေကနေ ဘယ်လောက်ထိ အောင်ပွဲရနေတယ်၊ စခန်းတွေ ဘယ်လိုသိမ်းနေတယ်ဆိုပြီး ထည့်ပြောသွားတာတွေ ရှိတယ်” လို့ တပ်သား နိုင်ခန့်ကျော်ကလည်း ပြောဆိုထားပါတယ်။
စစ်အုပ်စုရဲ့ ဝါဒဖြန့်မှုတွေဟာ ရှမ်းမြောက်စစ်ဆင်ရေးတွေ နောက်ပိုင်း ပိုမိုလုပ်ဆောင်လာတာဖြစ်ပြီး မတ္တရာ၊ ဗန်းမောက်တိုက်ပွဲတွေက အောင်ပွဲရစစ်သည်တွေ လို့ ဆိုကာ ဝါဒဖြန့်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
