ပညာသင်ကြားရေးဟာ နိုင်ငံရေးရဲ့ ဓားစာခံမဖြစ်ရဘူးလို့ စာသင်ကျောင်းတွေကို ဗုံးကြဲခိုင်းတဲ့ စစ်ခေါင်းဆောင် ပြော

Author CJ Platform
Categories
Published on Feb 06, 2026

စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံက ကလေးငယ်ပေါင်း ၅ သန်းကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေရချိန် ပညာသင်ကြားရေးဟာ နိုင်ငံရေးရဲ့ ဓားစာခံမဖြစ်ရဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလာပါတယ်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဖေဖော်ဝါရီ ၅ ရက်မှာ သူ့ကို ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ ပေးအပ်တဲ့ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ကိုလက်ခံရယူချိန် ပညာသင်ကြားရေးကိစ္စနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာဖြစ်တယ်လို့ စစ်အုပ်စုဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

“ပညာရေးယန္တရား ရပ်တန့်သွားဖို့ အထူးဦးစားပေးဆောင်ရွက်ခဲ့သလို ပညာသင်ကြားရေးဟာ နိုင်ငံရေးရဲ့ ဓားစာခံ ဘယ်တော့မှ မဖြစ်စေရဘူးဆိုတဲ့ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ မိမိတို့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်” လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

 

ပညာသင်ကြားရေးဟာ နိုင်ငံရေးရဲ့ ဓားစာခံမဖြစ်ရဘူးလို့ စစ်ခေါင်းဆောင်က ပြောဆိုလာပေမယ့် မြန်မာနိုင်ငံမှာ ပညာသင်ကြားခွင့်ဆိုတာ ကာကွယ်ရ အခက်ခဲဆုံးအရာတွေထဲက တစ်ခုဖြစ်လာနေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မြန်မာက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါသေးတယ်။

 

စာသင်ကျောင်းတွေကို ပစ်မှတ်ထားကာ စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူအများဆုံး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းက နှစ်ကြိမ်တိုင်ရှိခဲ့ပြီး ရခိုင်ပြည်၊ ကျောက်တော်မြို့က ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး သေဆုံးခဲ့ရမှုနဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ စာသင်ကျောင်းက ကလေးငယ် ၂၁ ဦးတို့ နေရာမှာတင် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း အသက် ၁၈ နှစ်အောက် ကလေးငယ်ပေါင်း ၆၅၈ ဦးအထိ သေဆုံးခဲ့ပြီး စာသင်ကျောင်းပေါင်း ၄၄၉ ကျောင်း ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန (MOHR) က ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့အထိ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံထဲက ကလေးငယ်ပေါင်း ၅ သန်းကျော်ဟာ ပညာသင်ကြားခွင့် အခွင့်အရေးတွေ ဆုံးရှုံးနေပြီး အတင်းအကြပ် စစ်သားစုဆောင်းခံရတာ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာ၊ အလွဲသုံးစားပြုခံရတာ စတဲ့ အခွင့်အရေးချိုးဖောက်မှုတွေလည်း ကြုံတွေ့နေရတယ်လို့ ယူနီဆက်ဖ်မြန်မာရဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – Pro-SAC