ပုဇွန်တောင်ဘူတာ လက်မှတ်ရုံ ဓားပြတိုက်ခံရ လက်မှတ်ရောင်းရငွေ သိန်းနှစ်ဆယ်ကျော်ပါသွား

Author ကိုပေါက်
Categories
Published on Nov 01, 2022

မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ရပ်ကွက် ပုဇွန်တောင်ဘူတာတွင် ယနေ့ နံနက်ပိုင်းက ဘူတာရုံလက်မှတ်အရောင်းစာရေးကို အမည်မသိအမျိုးသားတွေက သေနတ်ပြ ဓားပြတိုက်ခဲ့ရာ လက်မှတ်ရောင်းရငွေ သိန်းနှစ်ဆယ်ကျော်ပါသွားသည်ဟု ဘူတာအနီးနေထိုင်သူတွေဆီက သိရသည်။

ပုဇွန်တောင်ဘူတာရုံကို ယနေ့ နံနက်ကိုးနာရီက အမည်မသိ အမျိုးသားနှစ်ဦးရောက်ရှိလာပြီး ပစ္စတိုသေနတ်ပြကာ ဘူတာရုံရှိငွေများထုတ်ပေးရန် တောင်းခံရာ မရ၍ သေနတ်ဖြင့်ပစ်ခတ်ကာ လုယက်သွားတာဖြစ်သည်ဟု ဘူတာအနီး နေထိုင်သူတစ်ဦးက CJ Platform ကိုပြောသည်။

“သေနတ်သံတော့ တစ်ချက်ကြားတယ် လူနာတင်ယာဥ်လည်း ရောက်လာတယ် စစ်သားတွေရော မေးကြည့်တော့ ဘူတာရုံကို ဓားပြတိုက်သွားတာလို့ ပြောနေကြတယ်”ဟုပြောသည်။

ဓားပြတိုက်ရာတွင် ဘူတာစာရေးကပြန်လည်ခုံခံ၍ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု မြန်မာ့မီးရထားနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ဆိုင်ခန်းခတွေ ကောက်ထားတဲ့ သိန်းနှစ်ဆယ်နဲ့ လက်မှတ်ရောင်းရငွေ ကိုးသောင်းပါသွားတယ် လူလည်းထိသွားတယ်”ဟု ရှင်းပြသည်။

ပုဇွန်တောင်ဘူတာရုံ ဓားပြတိုက်ခံရပြီး ဝန်ထမ်းတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရသည့်ကိစွနှင့် ပတ်သက် ၍ ဘူတာရုံအနီးနေထိုင်သူများ၏ ပြောပြချက်အရသိရပြီး CJ Platform အနေဖြင့်သီးခြားအတည်ပြုနိူင်ရန် မြေပြင်သတင်းထောက်များအား စေလွှတ်ထားစဲဖြစ်သည်။

လက်ရှိအခြေအနေတွင် ပုဇွန်တောင်ဘူတာတွင် စစ်ကောင်စီတပ်နှင့် ရဲတွေက ဘူတာရုံအနီးတစ်ဝိုက်တွင် စစ်ဆေးမှုများပြုလုပ်နေသည်ဟု ခရီးသွားလာသူတွေဆီက သိရသည်။