မုဒုံမြို့နယ်တွင် ဆေးကြောင်နေသူတစ်ဦးမှ ဓားဖြင့်ခုတ်မှုကြောင့် လေးနှစ်အရွယ်ကလေးတစ်ဦးသေဆုံးကာ အမျိုးသမီး နှစ်ဦးဒဏ်ရာရ

Author ကိုပေါက်
Categories
Published on Oct 29, 2022

မုဒုံမြို့နယ် မြို့မ ၁ ရပ်ကွက်တွင် ယနေ့ နေ့လည်ပိုင်းက ဆေးကြောင်နေသည့် အမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်၍ အသက်လေးနှစ်အရွယ်ကလေးတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

မြို့မ ၁ ရပ်ကွက် မော်သံလမ်းရှိ နေအိမ်တစ်အိမ်တွင် ဆေးကြောင်နေသည့်ဦးလေးဖြစ်သူမှ ဓားဖြင့်ခုတ်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး မိခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ဦလေးအရင်းက ခုတ်တာပါ မိသားစုကို ပြသာနာရှာပြီးခုတ်တာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရတယ်ကလေး တစ်ယောက်သေတယ် ယောကျ်ားလေး ၄ နှစ်ပဲရှိသေးတယ် “ဟု ရှင်းပြသည်။

ဆုံးပါးခဲ့သည့် အသက်လေးနှစ်အရွယ်ကလေးငယ် ကို မုဒုံရင်ခွဲရုံကို ပို့ဆောင်ပေးပြီး ဒဏ်ရာရရှိသူ အမျိုးသမီးနှစ်ဦးကို မုဒုံဆေးရုံကြီးမှတဆင့် မော်လမြိုင်ဆေးရုံသို့လွဲပြောင်းပေးလိုက်သည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

“မုဒုံက ပရဟိတအဖွဲ့နှစ်ဖွဲ့က ကူညီပေးတာ ကလေးကသေတယ် အမျိုးသမီးနှစ်ဦးက တစ်ဦးဘယ်ဘက် ရင်အုံထိတယ် နောက်တစ်ဦးက ခြေသလုံးရိုးကျိုးသွားတယ်”ဟု ရှင်းပြသည်။

ဓားဖြင့်ခုတ်ခဲ့သူအမျိုးသားကို ရပ်ကွက်မှ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့သို့အပ်နှံလိုက်ပြီး မုဒုံမြို့မရဲစခန်းမှ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်နိူင်ရန် စစ်ဆေးနေသည်ဟု မြို့ခံတွေဆီက သိရသည်။