အမြန်လမ်းမကြီးပေါ်ရှိ တိုးဂိတ်နှစ်ခုတွင် ည ဆယ်နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့်မပြုဟု ထုတ်ပြန်

Author ကိုပေါက်
Categories
Published on Oct 29, 2022

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ မန္တလေး- စကားအင်းတိုးဂိတ်နှင့် မိတ္ထီလာ-သီးကုန်းတိုးဂိတ် နှစ်ခုတွင် ညဆယ်နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့်မပြုရန် စစ်ကောင်စီက စာထုတ်ပြန်ခဲ့သည်ဟု ကုန်တင်ယာဥ်မောင်းသမားများထံမှ သိရသည်။

မန္တလေးဘက် စကားအင်းတိုးဂိတ်နှင့် မိတ္တီလာ သီးကုန်းတိုးဂိတ်မှာ ယခင်က ည ၁၂ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုထားရာမှ ယခုအခါ ည ၁၀ နာရီအထိသာဖြတ်သန်းသွားလာခွင့် ပြုတော့မှာ ဖြစ်သည်ဟု ကုန်တင်ယာဥ်မောင်းတစ်ဦးက CJ Platform ကိုပြောသည်။

“တချိန်လုံး တိုးဂိတ်တွေမှာ စစ်ဆေးနေတာကြာတော့ မြို့အဝင် ကုန်ပို့ဖို့ နောက်ကျရော အခုဆို ညဆယ်နာရီဆို ပေးမဖြတ်တော့ ဒုက္ခရောက်တာပေါ့”ဟု ရှင်းပြသည်။

စစ်ကောင်စီမှ ကုန်တင်ယာဥ်များကို အဆိုပါတိုးဂိတ်နှစ်ခုတွင် ည ဆယ်နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့်မပြုသည့်အပြင် တိုးဂိတ်အနီးဝန်းကျင်တွင်လည်း ညအိပ်နားမှုများ ခွင့်မပြုသည့်အတွက် ကားနှင့်ကုန်ပစွည်းအတွက် အခက်အခဲဖြစ်ရသည်ဟု ယာဥ်မောင်းတစ်ဦးက CJ Platform ကို ရှင်းပြသည်။

“အခုက မဖြတ်ရတာတင်မဟုတ်ဘူး တိုးဂိတ်အနီးဝန်းကျင်မှာလည်း ကားနဲ့ညအိပ်လို့မရဘူး အမြန်လမ်းဘေးမှာလည်း ညအိပ်မရဘူး ယာဥ်ရပ်နားစခန်းမှာသွားအိပ်ရမှာ”ဟု ပြောသည်။

ကုန်တင်ယာဥ်များအနေဖြင့် ယာဉ်ရပ်နားစခန်းများဖြစ်သည့် ၃၉ မိုင်၊ ၁၁၅ မိုင်၊ မိုင် ၂၀၀ နှင့်၂၈၅ မိုင်မှာသာ ညအိပ် ရပ်နားရမည်ဟု စစ်ကောင်စီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ပြန်ထားတာဖြစ်သည်ဟု ယာဥ်မောင်းတွေဆီက သိရသည်။