ပုဂ္ဂလိက ချေးငွေကုမ္ပဏီဝန်ထမ်းတစ်ဦး ပေါက်ခေါင်းမြို့နယ် အတွင်း သ-တ်ဖြ-တ်ခံရ

Author ခူးဆယ်
Categories
Published on Oct 29, 2022

ပဲခူးတိုင်းအနောက်ခြမ်း ပေါက်ခေါင်းမြို့နယ်အတွင်း ချေးငွေ‌များ လိုက်လံကောက်ခံပြီး ပြန်လာသည့် အမျိုးသမီးဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း Early Dawn Microfinance ချေးငွေကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

သတ်ဖြတ်ခံရသည့် ဝန်ထမ်းသည် Early Dawn Microfinance ချေးငွေလုပ်ငန်းကုမ္ပဏီ၏ပေါက်ခေါင်း ဌာနခွဲမှ သဲကုန်းမြို့နယ် သီးကုန်းကျေးရွာနေ မစန်းစန်းမော်(၃၂)နှစ်ဖြစ်ပြီး ရှားစီးဖိုကျေးရွာမှ ချေးငွေ ၁၂ သိန်းကျော်ခန့်အား သိမ်းဆည်းပြီးပြန်လာစဉ် ယမန်နေ့ နေ့လည်ပိုင်းမှာ သတ်ဖြတ်ခံရတာပဲဖြစ်သည်။

၎င်း၏ရုပ်အလောင်းကို လည်ပင်း ၆ လက်မခန့်ပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့် ရှားးစီးဖို-ပေါက်ခေါင်း
ကားလမ်းဘေးမှာ သေဆုံးနေလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်အထိ သတ်ဖြတ်သွားသည့် တရားခံကို ဖမ်းဆီးရမိခြင်းမရှိသေးပဲ မစန်းစန်းမော်၌ ပါလာသည့် ငွေကျပ် ၁၂သိန်းကျော်နှင့် အတူ ဆွဲကြိုးတစ်ကုံး ဖုန်းတစ်လုံးလဲ လုယက်ခံထားရကြောင်း သိရသည်။

ထိုသို့ သတ်ဖြတ်ခံရမှုနှင့် ပတ်သတ်ပြီး ယင်းလုပ်ရပ်ကိုအပြင်းအထန် ရှုတ်ချသလို အမှုမှန်ပေါ်ပေါက်ရန် သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု EDMကုမ္ပဏီမှ ထုတ်ပြန်ထားသည်။

ယခု အောက်တိုဘာလအတွင်း ပဲခူးတိုင်းအနောက်ခြမ်းမှာ အမျိုးသမီးများသတ်ဖြတ်ခံရမှု ဖြစ်စဥ် ၂ ခုဖြစ်ခဲ့တာဖြစ်ပြီး ပထမတကြိမ်ဟာအောက်တိုဘာလ ၂၆ရက်နေ့မှာဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။