လစဉ်သုံးပစ္စည်း မလုံလောက်တာကြောင့် စစ်ကိုင်းနဲ့ ကရင်နီက စစ်ဘေးရှောင်အမျိုးသမီးတချို့ ပိတ်စနဲ့ အစားထိုးဖြေရှင်းနေရ

ခုခံတွန်းလှန်စစ်အားကောင်းပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ကုန်စည်စီးဆင်းမှု ပိတ်ဆို့မှုတွေကြောင့် အခြေခံလစဉ်သုံးပစ္စည်းတွေ ပြတ်လပ်ပြီး ဈေးနှုန်းတွေ မတန်တဆ မြင့်တက်လာနေပါတယ်။ စစ်ဘေးရှောင်အမျိုးသမီး ထောင်ပေါင်းများစွာဟာ သူတို့ရဲ့ ကျန်းမာရေးအတွက် လစဉ်သုံးပစ္စည်းတွေအစား ပိတ်စအဟောင်းတွေ သုံးရင်း နေ့စဉ်ဘဝကို ဖြတ်သန်းနေကြရပါတယ်။
လက်ရှိမှာ စစ်ဘေးသင့်ဒေသတွေမှာ လစဉ်သုံးပစ္စည်းတစ်ထုပ်ကို ၃,၀၀၀ ကနေ ၅,၀၀၀ ကျပ်အထိ ဈေးနှစ်ဆလောက် ပေးဝယ်နေရပြီး၊ နေရာအများစုမှာ ငွေရှိပေမဲ့ ဝယ်စရာတောင် မရှိတော့ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် စစ်ကိုင်းတိုင်းမှာ ဩဂုတ်လကတည်းက လစဉ်သုံးပစ္စည်းအပါအဝင် ကုန်ပစ္စည်း ၈ မျိုးကို စစ်အုပ်စုက သယ်ယူခွင့်ပိတ်ပင်ထားတာကြောင့် အခြေအနေက ပိုမိုဆိုးရွားနေတယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့လထဲကပေါ့။ စစ်ရှောင်အမျိုးသမီးလေးတစ်ယောက်က ကျွန်မကိုပြောတာ။ ဆရာမနဲ့မတွေ့လို့ သူ့သမီးလေး ၁၇၊ ၁၈ အရွယ်လေးပေါ့။ ရာသီလာတယ်၊ လာတော့ကျတော့ ဆိုင်တွေမှာ လိုက်ရှာတယ်၊ ရှာလို့လည်းမရဘူးပေါ့။ နောက်ဆုံးပိတ် ဘယ်လိုလုပ်ရလဲဆိုတော့ ကျွန်မတို့ခေတ်တုန်းကလိုပေါ့နော်။ ပိတ်အစတွေကို ဖြဲပြီးမှ သုံးခဲ့ရတယ်” လို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ဘေးရှောင်ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကုန်စည်စီးဆင်းမှု နှစ်နဲ့ချီကြာ ပိတ်ပင်ခံထားရတဲ့ ကရင်နီဒေသမှာလည်း စစ်ဘေးရှောင်စခန်းတွေမှာ လစဉ်သုံးပစ္စည်းပြတ်လပ်တာကြောင့် စစ်ရှောင်အမျိုးသမီးတွေအနေနဲ့ ကျန်းမာရေးပြဿနာတွေပါ ခံစားနေရတယ်လို့ မြေပြင်ကျန်းမာရေးဝန်ထမ်းတွေရဲ့ အဖြေကို ကိုးကားပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောပါတယ်။
“စစ်ရှောင်အမျိုးသမီးများအနေဖြင့် ပိတ်စတွေနဲ့ ခံပြီး သုံးစွဲနေရတာတွေ ရှိပါတယ်။ ကုန်စည်ရှားပါးမှုကြောင့် မဖြစ်မနေ လစဉ်သုံးတွေကို သုံးစွဲရတဲ့အခါမှာ နာရီခြားလဲသင့်တဲ့ အချိန်တွေမှာ မလဲနိုင်တဲ့အတွက် အရေပြားဆိုင်ရာ ပြသနာတွေကိုပါ ရင်ဆိုင်နေကြရတာ ရှိတယ်။ တချို့က ရက်ကျော်လွန်ပြီးတဲ့ အရည်အသွေးတွေကိုတောင် သုံးနေရတယ်လို့လည်း ကြားသိရပါတယ်” လို့ ခူးပလုရယ်က ပြောပါတယ်။
ဒီလို အခြေအနေမှာ စစ်ဘေးရှောင်အမျိုးသမီးတွေအနေနဲ့ အဝတ်အစားတွေကို ခြောက်သွေ့အောင် လျှော်ဖွပ်ပြီးမှ သုံးသင့်တယ်လို့ ကျန်းမာရေးအသိပညာ ဝေမျှပေးနေတဲ့ ဆရာဝန်တစ်ဦးက အကြံပြုပါတယ်။
မြေပြင်ကူညီရေးအဖွဲ့တွေကတော့ လစဉ်သုံးပစ္စည်းတွေ ဝေငှပေးပြီး ဒီပြသနာကို ဖြေရှင်းဖို့ ကြိုးပမ်းနေပေမဲ့ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
“ကျွန်မတို့ ဒီလစဉ်သုံးပစ္စည်းအမျိုးအစားကောင်းတဲ့ဟာတွေက အခုဒီဘက်မှာ မမြင်ရသလောက်ဖြစ်နေပြီ။ တချို့တွေဆို ဆိုင်မှာ ဈေးနှုန်းပဲရှိတယ်။ ပစ္စည်းမရှိဘူး ဖြစ်သွားတာ” လို့ စစ်ကိုင်းတိုင်းမှာ နေထိုင်တဲ့ စစ်ရှောင်ကူညီပေးသူတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းနဲ့ ကရင်နီက စစ်ဘေးရှောင်အမျိုးသမီးတွေဟာ နေ့စဉ် ကျည်ဆန်၊ ဗုံးဆံတွေရဲ့ အန္တရာယ်ကို ရှောင်တိမ်းနေရသလို၊ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကိုပါ ရင်ဆိုင်နေရပါတယ်။ စစ်အုပ်စုက လစဉ်သုံးပစ္စည်းတွေကို ပိတ်ပင်တာဟာ တော်လှန်ရေးအဖွဲ့တွေက ဒဏ်ရာရတဲ့အခါ သွေးတိတ်ပစ္စည်းအဖြစ် သုံးမှာကို စိုးရိမ်တာကြောင့်လို့ ကူညီပေးသူတွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ဒီပိတ်ဆို့မှုရဲ့ ဒဏ်ကို တော်လှန်ရေးအဖွဲ့တွေထက် အရပ်သားပြည်သူတွေကသာ တိုက်ရိုက်ခံစားနေရတာကြောင့် လစဉ်သုံးပစ္စည်းတွေ လွတ်လပ်စွာ သယ်ယူခွင့်ပြန်ရဖို့ မျှော်လင့်နေကြတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်အချို့ကို မြင်ရပုံ