ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့မှာ စစ်အုပ်စုက လူငယ်တွေကို အင်အားသုံးဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းခိုင်းနေ

Author CJ Platform
Categories
Published on Sep 26, 2025

စစ်ကိုင်းမြို့ နေရာအနှံ့မှာ စစ်အုပ်စုလက်အောက်ခံ စစ်သားတွေက မြို့ခံလူငယ်တွေကို စစ်မှုထမ်းရန်အတွက်ဟုဆိုကာ နေ့ရောညပါ ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်နေတာကြောင့် မြို့ခံလူငယ်တွေမှာ လုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဒေသခံတွေရဲ့ ပြောဆိုချက်အရ မနေ့ စက်တင်ဘာ ၂၅ ရက်၊ မနက် ၈ နာရီခွဲခန့်က စတင်ပြီး စစ်ကိုင်းမြို့၊ တကောင်းရပ်၊ ဇေယျာတိုးချဲ့ရပ်ကွက်တွေအပါအဝင် မြို့တွင်းနေရာအနှံ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို စစ်အုပ်စုက အင်အားသုံး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

မနေ့က စစ်ကိုင်းမြို့အနှံ့ ဖမ်းဆီးမှုတွေမှာ ဇေယျာတိုးချဲ့ရပ်ကွက်က အသက် ၂၀ ကျော် လူငယ်နှစ်ဦးနဲ့ ညပိုင်း ဧည့်စာရင်းစစ်ဆေးစဉ် ရွာထောင်ရပ်ကွက်မှ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် တကောင်းရပ်က စစ်အုပ်စုလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ဆွေမျိုးတွေပါ စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့လည်း မြို့ခံတစ်ဦးရဲ့ ပြောဆိုချက်ကို The Voice of Wetlet Madayar မှတစ်ဆင့် သိရှိရသည်။

 

“မနေ့ကဆို ယောက်ျားလေးရော မိန်းကလေးပါ မြင်မြင်သမျှ အကုန်ဆွဲတာ။ ဘယ်လောက်ဖမ်းခံရတယ်၊ ဘယ်ကိုပို့တယ် တိတိကျကျရယ် မသိဘူး။ ကျွန်တော် အပြင်ထွက်တော့ ငိုတဲ့သူက ငိုနဲ့ မြင်ခဲ့တာ တော်တော်များပါတယ်။ အခုတလော နေ့တိုင်းကို ဆွဲနေတာ၊ စစ်ကိုင်းကို မနေရဲလောက်အောင်ကို လုပ်သွားတာ” ဟု မြို့ခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ သူတို့ ဖမ်းဆီးသွားတဲ့ လူငယ်တွေကို တပ်မ ၃၃ အတွင်း ခေါ်ဆောင်တာ၊ ငွေတောင်းခံခြင်းတွေ ပြုလုပ်သလို တချို့ကို ရပ်ဝေးဒေသတွေမှာ တပ်သားအဖြစ် ပို့ဆောင်ခြင်းတွေ ပြုလုပ်လေ့ရှိတယ်လို့ ဆက်ပြောပါတယ်။

 

“ခုက မြို့ပေါ်က ဆိုးနေတာ။ ပြီးခဲ့တဲ့လပိုင်းက အဒေါ်ရဲ့ တူတစ်ယောက်ဆို ညနေဘက် လမ်းမှာ ဆွဲသွားပြီး ပိုက်ဆံ သိန်း ၂၀ နဲ့ ရွေးခိုင်းတယ်။ မရွေးနိုင်တော့ နယ်ဝေးပို့ခံလိုက်ရတယ်” လို့ အသက် ၆၀ ခန့်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

 

ဖမ်းဆီးခံရသူတွေဟာ အများအားဖြင့် အသက် ၁၈နှစ်မှ ၃၅နှစ်ကြား လူငယ်တွေဖြစ်ကြပြီး စစ်မှုထမ်းဖို့ မဲပေါက်ထားကြသူတွေ မဟုတ်ဘဲ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

အဲဒီလို မြို့ပေါ်ရပ်ကွက်တွေမှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေအပြင် မန္တလေးနဲ့ စစ်ကိုင်းကို ဆက်သွယ်ထားတဲ့ စစ်ကိုင်းတံတားပေါ်မှာလည်း မကြာခဏ ဖမ်းဆီးစစ်ဆေးတာ၊ ငွေတောင်းခံတာတွေ ပြုလုပ်တယ်လို့လည်း သိရပါတယ်။

 

လက်ရှိမှာ စစ်ကိုင်းမြို့ခံ လူငယ်တွေအနေနဲ့ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမှာကို စိုးရိမ်မှုတွေနဲ့ မလုံခြုံမှုတွေ ခံစားနေရတယ်လို့ ဒေသခံလူငယ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်