ပြည်သူထောင်ချီ သတ်ခဲ့သည့် မြန်မာဖက်ဆစ်တပ်က လက်နက်မဲ့ အရပ်သားများကို တိုက်ခိုက်တာမရှိဘူးဟု ဇော်မင်းထွန်း လိမ်ညာ
စစ်အာဏာသိမ်းပြီးကတည်းက အရပ်သား ပြည်သူ ၂၃၀၀ဦး ကျော်ကို အကြမ်းဖက် သတ်ဖြတ်ခဲ့ပြီး ဖြစ် သည့် မြန်မာဖက်ဆစ်စစ်တပ်က လက်နက်မဲ့ အရပ် သားများကို တိုက်ခိုက်တာ မရှိဘူး ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံ လိမ်ညာပြောဆိုခဲ့သည်။
အဆိုပါ မုသားစကားကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ဟောင်ကောင်အခြေစိုက် CNN International သတင်းဌာန၏ စာပို့မေးမြန်းမှုကို ဖြေရာတွင် ထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။
” ခင်များမေးတဲ့ မေးခွန်းကို ကျွန်တော်စုံလင်အောင် ပြောပြီး ဖြစ်ပါတယ်။ တပ်မတော်ဟာ လက်နက်မဲ့ အရပ်သားကို တိုက်ခိုက်တာ မရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မုသားစကားပြောသည်။
CNN International သတင်းဌာနက ဗိုလ်ချုပ်ဇော်မင်းထွန်းထံသို့ အောက်တိုဘာ ၂၄ရက် အနန့်ပါ အကြိုပွဲ ဗုံးကြဲ တိုက်ခိုက်ခံရ၍ သေဆုံးသူ တစ်ရာကျော်ရှိခဲ့သည့် ဖြစ်စဥ်နှင့် ပတ်သတ်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
မြန်မာဖက်ဆစ်စစ်တပ်သည် အဆိုပါဖြစ်စဥ်တွင် ၄င်းတို့၏ လေတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် ကချင် နာမည်ပြီး အနုပညာရှင်များ အပါအဝင် သေဆုံးသူ တစ်ရာကျော်ရှိခဲ့ပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့သည်။
ထို့ပြင် မြန်မာဖက်ဆစ်စစ်တပ်သည် စက်တင်ဘာ ၁၆ရက်တွင် ဗိုးဗြဲမြို့၊ မွေတော်ဘုရားဝန်းထဲ ရှိ စစ် ဘေးရှောင်များနေထိုင်ရာ နေရာသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် ကလေးငယ်လေးဦး အပါအဝင် အများအပြား ဒဏ်ရာရခဲ့သည်။
အလားတူ ယင်းနေ့တွင်ပင် ဒီပဲယင်းမြို့နယ်၊ လက် ယက်ကုန်းကျေးရွာ စာသင်ကျောင်းသို့ ရုတ်တရက် ရဟတ်ယာဥ်များဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့သဖြင့် ကလေးရှစ်ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၁၈ဦး အပါအဝင် ၂၅ ဦး ဒဏ်ရာရခဲ့သေးသည်။
ဖက်ဆစ်စစ်တပ်သည် ၄င်းတို့ အာဏာသိမ်းခဲ့ပြီး ဆယ်ရက်ပင်မပြည့်သေးသည့် အချိန် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၉ရက်တွင် နေပြည်တော်၌ ဆန္ဒပြပွဲအနီး ကားမှတ်တိုင်တွင် ရှိနေသည့် မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်၍ သတ်ခဲ့သည်။
AAPP ၏ ထုတ်ပြန်မှုအရ ယနေ့ချိန်ထိ မြန်မာဖက်ဆစ်စစ်တပ် သတ်ဖြတ်ခဲ့သည့် အရပ်သား ၂၃၉၄ဦး ထိရှိလာခဲ့ပြီလည်း ဖြစ်သည်။