စစ်ကောင်စီ စစ်သားများ မူးယစ်ဆေးဝါးစွဲနေကြောင်း NUG ကာကွယ်ရေး၀န်ကြီးပြောကြား

Author လင်းခိုင်
Categories
Published on Oct 27, 2022

အကြမ်းဖက် စစ်ကောင်စီ၏ စစ်သားများ မူးယစ် ဆေးဝါးစွဲနေကြောင်း အမျိုးသားညီညွတ်ရေးအ စိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး၊ ဦးရည်မွန်က ယနေ့တွင် PDF များသို့ ရေဒီယို NUG မှ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မြေပြင်မှာ စစ်ကောင်စီတပ် စိတ်အား၊ လူအား လျှော့ပါးနေပြီဆိုတာ သက်သေခံတဲ့အချက်တစ်ခုက အကြမ်းဖက်စစ်သားတွေ မူးယစ်ဆေးစွဲနေတဲ့ကိစ္စပဲ၊ စစ်သုံ့ပန်းတွေ လက်ရဖမ်းမိတဲ့အချိန်တိုင်း သူတို့ကိုယ်မှာ ဆေးပြားတွေ ဆောင်ထားတာ တွေ့ရလို့ သူတို့ကိုယ်တိုင်လည်း ဆေးသုံးပြီးမှ ရှေ့တန်းထွက်ရဲတော့တယ်ဆိုတာ ၀န်ခံကြတယ်” ဟု ပြည်ထောင်စု၀န်ကြီးကပြောကြားသည်။

ယခုကဲ့သို့ ဆေးစွဲနေမှုသည် အောက်ခြေစစ်သားများသာမက စစ်ကြောင်းမှုး၊ အရာရှိများပါ အများစုဆေးသုံးနေကြသည့် သက်သေ၊ အထောက်အထားများ ရရှိထားကြောင်း၊ ဆေးစွဲနေသည့် စစ်တပ်တစ်ခုအနေဖြင့် လူမဆန်သည့် ရာဇ၀တ်မှုများကို ကျူးလွန် နေသည့်အတွက် ရဲဘော်များအနေဖြင့် သတိ၊ ဝီရိယ ထားပြီး၊ အကြမ်းဖက်စစ်တပ်၏ အန္တရာယ်က ပြည် သူများကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ရန် ပြည်ထောင်စု၀န်ကြီးက တိုက်တွန်းထားသည်။

ထို့ပြင် လက်ရှိအချိန်၌ အရေးတကြီး သတိပြုရမည့် အချက်သည် လေကြောင်းစီးနင်းတိုက်ခိုက်မှု ဖြစ် ကြောင်း၊ မြေပြင်တွင် တော်လှန်ရေးအင်အားကို မယှဉ်နိုင်ပဲ အရေးနိမ့်လာသည်နှင့်အမျှ စစ်ကောင်စီသည် စစ်ရေးထွက်ပေါက်အဖြစ်လေကြောင်းကို ပိုမိုအားပြုလာကြောင်း ပြည်ထောင်စု၀န်ကြီးကဆိုသည်။

“ လေကြောင်းဟာ အနှောက်အယှက် အဖျက်စွမ်းအားကြီးတာ မှန်ပေမယ့် စစ်ရေးအဆုံးအဖြတ် ပြုနိုင်တဲ့ ယန္တရားမဟုတ်ဘူးလို့ နားလည်တယ်။ တော်လှန်ရေးဟာ ဉာဏ်နဲ့ယှဉ်တဲ့ တော်လှန်ရေးဖြစ်တယ်။ ဉာဏ်ရှိရင် ရှိသလို ရန်သူ့လေကြောင်းကို ဟန့်တားနိုင်မယ့် နည်းလမ်းတွေ ငါတို့ ရှာဖွေနိုင်လိမ့်မယ်” ဟု ပြည်ထောင်စု၀န်ကြီးက ပြောကြားသည်။

ဆက်လက်ပြီး လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုခြင်းသည် နည်းလမ်းတစ်ခုဖြစ်​စေကြောင်း အဆိုပါလက်နက်သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြပ်မတ်ထားသည် ဖြစ်သော ကြောင့် ပစ္စည်းရရန် အချိန်ယူကြိုးစားရပြီး အလုံအလောက်ဖြန့်ကျက် တပ်ဆင်နိုင်၇န်လည်း အကန့်အသတ်ရှိကြောင်း၊ ထို့ကြောင့် ဉာဏ်သုံးကာ ရန်သူ့လေကြောင်း ဟန့်တားနိုင်မည့် နည်းလမ်းသစ်များ ရှာဖွေရမည်ဟု ပြည်ထောင်စု၀န်ကြီး ဦးရည်မွန်ကပြောကြားသည်။