မြန်မာပေါင်ချိန်စက်ရုံ၌ လုပ်ခလစာတိုးပေးရေးစက်ရုံတွင်းဆန္ဒထုတ်ဖော်နေမှုကို စစ်တပ်ခေါ်ပြီးခြိမ်းခြောက်ခံရ

Author ခေတ်နီ
Categories
Published on Oct 27, 2022

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ စက်မှုန်ဇုန်ရှိ မြန်မာပေါင်ချိန်စက်ရုံမှ အလုပ်သမားများ လုပ်ခလစာတိုးပေးရေး ဆန္ဒထုတ်ဖော်နေကြောင်းအလုပ် သမား များထံမှ စုံစမ်းသိရှိရသည်။

ရွှေပြည်သူစက်မှုဇုန်မှာရှိသည့် မြန်မာပေါင်ချိန်စက်ရုံသည် Adidas တံဆိပ်ဖိနပ်များချုပ်လုပ်နေသည့် စက်ရုံဖြစ်ပြီး လုပ်သား ၇၀၀၀ခန့်ဖြင့်လည်ပတ်နေသည့်စက်ရုံဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လတ်တလော ရရှိ နေသည့် အနိမ့်ဆုံး လုပ်ခလစာ ၄၈၀၀ ကျပ်သည် ကုန်ဈေးနှုန်း မြင့်တက်လာမှုများကြောင့်လောက်ငမှုမရှိတော့တာကြောင့် လုပ်ခလစာတိုးမြင့်ပေးရန် စက်ရုံရှိအလုပ်သမားများက အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်ကာဆန္ဒပြတောင်းဆိုနေခြင်းဖြစ်သည်။

“အဓိက ကတော့လုပ်အားခပဲ အခုကုန်စျေးနှုန်းအခြေအနေနဲ့ တစ်ရက်၄၈၀၀ဆိုတာမဖြစ်နိုင်ဘူးလေ အဲ့တာမို့လုပ်အားခကို ၈၀၀၀ ထိတိုးပေးဖို့တောင်းဆိုတာပေါ့ ပြီးတော့စက်ရုံမှာက ရေပူတွေရနေတယ်။ နေကလဲပူတော့ ရေသောက်ရင် ရေနွေးပူသောက်ရသလိုပဲ အဲ့တာမို့ရေအေးစက်တချို့တပ်ပေးဖို့ရယ် ပြီးတော့ ဝန်ထမ်းတွေကိုခေါင်းဆောင်တွေက ဆဲဆိုတာရှိတယ် အဲ့တာတားပေးဖို့နဲ့လုပ်သားတွေကို ကျွမ်းကျင်တဲ့နေရာမှာပဲ ထားပေးဖို့ပဲတောင်းဆိုတာပေါ့” ဟု မြန်မာပေါင်ချိန်အလုပ်သမားသမဂ္ဂမှတာဝန်ရှိသူတစ်ဦးက CJ Platformသို့ပြောပြသည်။

အဆိုပါစက်ရုံ၌ အလုပ်သမားတစ်ဦး၏အခြေခံလစာမှာ တစ်နေ့လျင် ၄၈၀၀ ကျပ်သာရရှိနေတာဖြစ်ပြီး အလုပ်သမားများက တနေ့လျင် ၈၀၀၀ ကျပ်ထိတိုးမြှင့်ပေးရန် တောင်းဆိုနေခြင်းဖြစ်ပြီး၊ ဆန္ဒပြတောင်းဆိုမှုအား စက်ရုံတာဝန်ရှိသူများဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခေါ်ယူပြီးအလုပ်သမားများကိုခြိမ်းခြောက်မှုများလုပ်ဆောင်ခဲ့ကြောင်း အလုပ်သမားများထံမှသိရသည်။

“သူတို့ကစစ်တပ်ခေါ်လိုက်တယ် ဒီနေ့မနက်ဆို ၇ နာ ရီခွဲနဲ့ရောက်လာတယ် ပထမနေ့က တစ်စီးလောက်ပဲ မနေ့က ၃ စီးလောက်ထိပါလာတယ် သူတို့ (စစ်တပ်) ကတော့ဒီလိုတွေမလုပ်ဖို့တားတယ် ငြိမ်းငြိမ်းချမ်းချမ်းလုပ်ကြဖို့ပေါ့ ဒီနေ့တော့စက်ရုံထဲမဝင်ဘူး အပြင် မှာတော့ရှိနေသေးတယ် ပြီးတော့ ဒီဆန္ဒပြလုပ်သားတွေကို ခွင့်မဲ့လုပ်ပြီးအလုပ်ထုတ်မယ်ဆိုပြီး စူပါတွေကခြိမ်းခြောက်မှုတွေရှိတယ်”ဟု အဆိုပါစက်ရုံမှလုပ်သားတစ်ဦးကပြောသည်။

မြန်မာပေါင်ချိန်စက်ရုံမှ အလုပ်သမားများသည် လုပ်ခလစာတိုးမြှင့်ပေးဖို့ပြီးခဲ့သည့် စက်တင်ဘာလကတည်းမှ စက်ရုံတာဝန်ရှိသူများနှင့်ညှိနှိုင်းတောင်းဆိုမှုများရှိခဲ့သော်လည်း တောင်းဆိုချက်များမရရှိခဲ့ခြင်းကြောင့် အောက်တိုဘာ ၂၅ ရက်မှစတင်ကာ လူ ၄၀၀ခန့်ဖြင့် စက်ရုံတွက်းဆန္ဒပြတောင်းဆိုနေခဲ့ကြတာဖြစ်ပြီး ယနေ့မနက်ပိုင်း၌ လူ၁၂၀၀ခန့်ထိ ပါ၀င်တောင်းဆိုလာကြောင်းသိရသည်။

“သူတို့နဲ့ကအခုတော့ညှိနေတုန်းပဲ အကြိတ်အနယ်ပဲပေါ့ သူတို့ဘက်ကပြောတာက အောက်ခြေတောင်းဆိုချက်တွေကိုတော့သူတို့ညှိပေးလို့ရတယ် လစာကိစ္စကိုတော့ အဆင့်ဆင့်သွားရမို့ရက်ကိုချိန်းတယ်ပေါ့လေအစိုးရကပြင်ပေးမှသူတို့ပေးလို့ရမယ်ပြောတယ်ပေါ့လေ ကျမတို့ကတော့ သေချာတဲ့အဖြေမရမချင်းဆက်တိုက်နေမှာပဲ”ဟု အဆိုပါစက်ရုံရှိ အလုပ်သ မားသမဂ္ဂတာဝန်ရှိသူတစ်ဦးကဆိုသည်။

စစ်အာဏာသိမ်းပြီးချိန်မှစပြီးနိုင်ငံအတွင်းရှိ အလုပ်သမားများသည် လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ ဥပဒေပါလုပ်သားရပိုင်ခွင့်များချိုးဖောက်ခံရခြင်းနှင့် စက်ရုံတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများ တနေ့တခြားပိုမိုဆိုးရွားလာလျက်ရှိသည်။