ညိုစောကို ဝန်ကြီးချုပ်ပေးပြီး ပညာရေးဝန်ကြီးဌာနကို ချန်လှပ်ထားတဲ့ စစ်ကော်မရှင်ရဲ့ အစိုးရအသစ်ဖွဲ့စည်းမှု

Author CJ Platform
Categories
Published on Jul 31, 2025

ယာယီသမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ထားတဲ့ မင်းအောင်လှိုင်က စစ်ကောင်စီအစား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် (စစ်ကော်မရှင်)ကို ပြောင်းလဲဖွဲ့စည်းလိုက်ပြီး ဗိုလ်ချုပ်ကြီး ညိုစောကို ဝန်ကြီးချုပ်ရာထူးပေးကာ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ ဇူလိုင် ၃၁ နေ့လယ်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။

 

စစ်ခေါင်းဆောင်မင်းအောင်လှိုင် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လာတဲ့ ပြည်ထောင်စုအစိုးရဖွဲ့စည်းပုံမှာ ဗိုလ်ချုပ်ကြီး ညိုစောကို ဦးညိုစောလို့ ဖော်ပြထားပြီး စစ်ဘက်ဆိုင်ရာ ရာထူးကို ချန်လှပ်ထားခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ စစ်ဘက်ဆိုင်ရာ တာဝန်တွေကို ရုပ်သိမ်းပြီး အရပ်ဘက်ကို ပြောင်းလဲတာဝန်ပေးတာအပ်တာဖြစ်တယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

 

ယခင် စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဖဒိုမန်းငြိမ်းမောင်အပါအဝင် ကောင်စီဝင်အချို့ကတော့ မင်းအောင်လှိုင် ထုတ်ပြန်လာတဲ့ စစ်ကော်မရှင်မှာလဲ ပါဝင်လာတာကို မတွေ့ရသလို ပြည်ထောင်စုအစိုးရအဖွဲ့အတွင်းမှာလဲ ပါဝင်လာတာကို မတွေ့ရပါဘူး။

 

ဒါ့အပြင် မင်းအောင်လှိုင်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၂၉ခုအထိ ထည့်သွင်းဖွဲ့စည်းထားပေမဲ့ ပညာရေးဝန်ကြီးဌာနကို ထည့်သွင်းဖွဲ့စည်းထားခြင်း မရှိပါဘူး။ ပညာရေးကဏ္ဍကို အဆင့်မြှင့်ဖို့ အကြိမ်ကြိမ်ပြောကြားခဲ့ဖူးတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပညာရေးဝန်ကြီးဌာနကို ဘယ်လို ဆက်လက်လည်ပတ်မယ်ဆိုတာကို ဇူလိုင် ၃၁ရက်နေ့ မွန်းလွဲ ၁နာရီထိ ထပ်မံထုတ်ပြန်လာတာ မရှိသေးပါဘူး။ မင်းအောင်လှိုင် ဝန်ကြီးချုပ်အဖြစ် ရယူထားခဲ့ဖူးတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဟောင်းမှာတော့ ပညာရေးဝန်ကြီးဌာနကို ထည့်သွင်းဖွဲ့စည်းထားပြီး အကျင့်ပျက်ခြစားမှုတွေနဲ့ နာမည်ကျော်ခဲ့တဲ့ ဒေါက်တာညွန့်ဖေက ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။

 

စစ်ကော်မရှင်က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သူ ညိုစောဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အနီးကပ်အကြံပေးလူယုံတစ်ဦးဖြစ်ပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ မြဝတီဘဏ်တွေမှာ ဥက္ကဌအဖြစ်လည်း ရယူထားသူ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – SAC