စစ်ဘက်ဆိုင်ရာအချက်အလက်ပေါက်ကြားမှုနဲ့ပတ်သက်ပြီး သေဒဏ်ချမှတ်နိုင်တဲ့ဥပဒေ စစ်ကောင်စီပြဌာန်း

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဘက်ဆိုင်ရာအချက်အလက် လျှို့ဝှက်ချက်တွေ ပေါက်ကြားတာ၊ ခွင့်ပြုချက်မရှိဘဲ ပြန်လည်အသုံးပြုတာတွေ လုပ်ဆောင်ပါက သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေတွေကို စစ်ကောင်စီက ဒီနေ့ ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဒါဟာ အခုလပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန အချက်အလက်တွေ ပေါက်ကြားမှုနဲ့အတူ စစ်ဘက်ဆိုင်ရာအချက်အလက်တွေ ပေါက်ကြားလာချိန်မှာ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်ထိန်းသိမ်းကာကွယ်ခြင်း ဥပဒေကို ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ “စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များထိန်းသိမ်းကာကွယ်ခြင်းဥပဒေ” မှာ ဖော်ပြထားတဲ့ချက်အရ၊ စစ်ဘက်ဆိုင်ရာမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကို စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေကို အသုံးပြုပြီး လေ့ကျင့်သင်တန်းပေးတာ၊ လုပ်ကိုင်ဆောင်ရွက်ပေးတာနဲ့ အချက်အလက်လွှဲပြောင်းပေးတာတွေကို လုပ်ဆောင်ပါက ထောင်ဒဏ် (၁၀) နှစ်က သေဒဏ်အထိ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။
“ဒါက CDM အပေါ်မှာ လုံးဝ ပြင်းပြင်းထန်ထန် လုပ်လိုက်တဲ့ ဥပဒေပါပဲ။ သူတို့ကတော့ ကျွန်တော်တို့ကို စစ်ပြေးလို့ သတ်မှတ်ထားတယ်။ ဒီဥပဒေမထုတ်ခင်ကတည်းက ကျွန်တော်တို့က သေဒဏ်ကျပြီးသားသူတွေပါပဲ။ ကျန်တဲ့အဖွဲ့တွေအနေနဲ့လည်း အများကြီး ဂရုစိုက်ဖို့ လိုတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း CJ Platform ကို ပြောပါတယ်။
စစ်ကောင်စီလက်အောက် တာဝန်မထမ်းဆောင်တော့ဘဲ CDM လုပ်လာသူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ပါက သေဒဏ်ချမှတ်တာမျိုးတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ကို စွန့်ခွာပြီး အလင်းဝင်လာတဲ့ ဘက်ပြောင်းနေသူတွေကို စစ်ကောင်စီက လုံးဝ လက်မခံဘူး ဆိုတဲ့ ပုံစံမျိုးနဲ့ လက်ရှိ ဥပဒေကို ထုတ်ပြန်လိုက်တာမျိုးဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေနဲ့ ဝန်ထမ်းဟောင်းတွေအနေနဲ့ စစ်ကောင်စီရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပနိုင်ငံ အခြားအဖွဲ့အစည်းတစ်ခုခုမှာ လုပ်ကိုင်ဆောင်ရွက်တာကို ခွင့်မပြုဘူးလို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းဟောင်းတွေအနေနဲ့ ပြည်တွင်း ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေမှာ လက်ရှိ တာဝန်ထမ်းဆောင်နေပါက လက်ရှိ ဥပဒေထုတ်ပြန်ပြီး ခြောက်လအတွင်း စစ်ကောင်စီဝန်ကြီးဌာနဆီမှာ ပြန်လည် ခွင့်ပြုချက်ယူရမယ်လို့လည်း ဆိုထားပါတယ်။
စစ်ကောင်စီ ထုတ်ပြန်တဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်ဥပဒေ ကို ဖောက်ဖျက်ကျူးလွန်တဲ့ အရပ်သားပြည်သူတွေအနေနဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက် အချက်အလက်တွေကို ပြန်လည်အသုံးချတာ၊ အဖွဲ့အစည်းတစ်ခုခုထံ လွှဲပြောင်းတာမျိုး လုပ်ဆောင်ပါက ထောင်ဒဏ်တစ်သက်ကနေ သေဒဏ်အထိ ချမှတ်မယ်လို့ ဖော်ပြထားပါတယ်။
ပုံစာ – ၂၀၂၄ ဇူလိုင်လအတွင်း လားရှိုးမြို့ စစ်ကောင်စီ အရာရှိတွေနဲ့ တပ်သား ၃၀၀ ကျော် ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချအလင်းဝင်ခဲ့စဉ်။