မိုးကုတ်ကို စစ်ကောင်စီထပ်မံဗုံးကြဲတာကြောင့် ပြည်သူလေးဦး သေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရ

Author CJ Platform
Categories
Published on Jul 29, 2025

မန္တလေးတိုင်း မိုးကုတ်မြို့က ရပ်ကွက်နှစ်ခုနဲ့ ကားကြီးကွင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ လေးဦး သေဆုံးခဲ့ပြီး ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (PSLF/TNLA) က ဒီနေ့ ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ မင်းတံတားရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်နဲ့ BOC ကားကြီးဝင်းတို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၃ လုံးနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ လေးဦး သေဆုံးခဲ့ကာ နေအိမ် ၁၈ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


အခု ဇူလိုင် ၂၆ ရက်ကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းမှာရှိတဲ့ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဟိုတယ်အနီးမှာရှိတဲ့ ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက အခု ဇူလိုင်လအတွင်း ဗုံးကြဲတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀ ဦးနီးပါး သေဆုံးခဲ့ပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အခု ဇူလိုင်လအတွင်း နောင်ချိုမြို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်သိမ်းယူခဲ့ပြီးနောက် အနီးဝန်းကျင် မြို့တွေဖြစ်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့မြို့နဲ့ သီပေါမြို့တို့ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူအများအပြား စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – TNLA/CJ