ချောင်းသာမှာ အရပ်သားတွေကို စစ်ဝတ်စုံ ဝတ်ခိုင်းကာ ဂိတ်စောင့်ခိုင်း

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်အစပ်မှာ စစ်ရေးအရှိန် မြင့်တက်လာချိန် ချောင်းသာမှာ စစ်ကောင်စီက အရပ်သားတွေကို စစ်ဝတ်စုံ ဝတ်ခိုင်းပြီး စစ်ဆေးရေးဂိတ်တွေမှာ စောင့်ခိုင်းနေတယ်လို့ ချောင်းသာ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ဝတ်စုံတွေမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဘတ်တံဆိပ်တွေ တပ်ဆင်ထားပြီး ပြည်သူ့စစ်တွေကိုပါ ပေးဝတ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ပြေးပြီး ပြန်လာထဲကတွေ့တာပဲ။ ပြည်သူ့စစ်ယူနီဖောင်းလည်း ဝတ်တဲ့သူ မရှိဘူး။ ဝတ်တဲ့သူအများစုကတော့ သူတို့ကို ထောက်ခံသူတွေပဲ။ နေ့ခင်းဂိတ်စောင့်တယ်။ ညတော့ ကိုယ့်အိမ်ကိုယ် ပြန်အိပ်ကြတာ၊ စစ်သားတွေ မဟုတ်ဘူး” လို့ ချောင်းသာ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ချောင်းသာမှာ ပြည်သူ့စစ်နဲ့ စစ်ကောင်စီက ထပ်မံဖွဲ့စည်းထားတဲ့ အပြာရောင်ဝတ်စုံ ဝတ်ဆင်တဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေလည်း သက်ဆိုင်ရာ ယူနီဖောင်း ဝတ်ဆင်တာမရှိဘဲ စစ်ကောင်စီရဲ့ ပြောက်ကျားဝတ်စုံတွေကိုသာ ဝတ်ဆင်နေတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချောင်းသာအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်ဖမ်းဆီးတာတွေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖမ်းဆီးတာတွေတော့ တင်းတင်းကြပ်ကြပ် ပြုလုပ်နေတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဘာဖမ်းဖမ်းပါ ပြည်သူ့စစ်တွေမပါဘူး။ ရဲရယ် မော်တော်ပီကယ်ရယ် စစ်ဝတ်စုံဝတ်ထားသူတွေလည်း ပါတယ်။ ပြည်သူ့စစ်ကို ဝတ်စုံဝတ်ပေးထားတာလားတော့ မသိဘူး” လို့ ချောင်းသာ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
ချောင်းသာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ကြောင့် ချောင်းသာ ဒေသခံအများစု စစ်ရှောင်နေကြပြီး ချောင်းသာကမ်းခြေ အပန်းဖြေခရီးစဉ် ဖျက်သိမ်းမှုတွေလည်း ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ သာပေါင်း၊ ငါးသိုင်းချောင်း၊ ရေကြည်၊ အင်္ဂပူနဲ့ လေးမျက်နှာမြို့နယ်တွေမှာ ထိုးစစ်ဆင်တိုက်ခိုက်နေကြလို့ စစ်ကောင်စီက စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေအပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်၊ ခုခံနေရပါတယ်။
ဓာတ်ပုံ – pro-SAC