TNLA ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ တစ်ပတ်အတွင်း ပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ဒေသ သီပေါ၊ ကျောက်မဲနဲ့ မိုးကုတ်မြို့တို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေတာကြောင့် တစ်ပတ်အတွင်း အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့ပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်နေချိန် မိုးကုတ်၊ သီပေါနဲ့ ကျောက်မဲက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး စစ်ရေးအရ ဖိအားပေးမှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
မနေ့ ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီ ဝန်းကျင်ကလည်း သီပေါမြို့ တောင်မြို့ရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားနှစ်ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ နေရာတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာဟာ စစ်ရေးအရ ဖိအားပေးနေတာမျိုးတွေ ဖြစ်တယ်လို့ PSLF/TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက CJ Platform ကို ပြောပါတယ်။
အခု ဇူလိုင်လ ၁၀ ရက်၊ ၁၁ ရက်နဲ့ ၁၃ ရက်နေ့ကလည်း မိုးကုတ်နဲ့ ကျောက်မဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် ဒေသခံပြည်သူ ၂၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်ကနေ မနေ့ ဇူလိုင် ၁၄ ရက်နေ့အထိ TNLA ထိန်းချုပ်ဒေသတွေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်မှု ၁၁ ကြိမ် လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက် သေဆုံးမှု ရှိခဲ့ပြီး ဒေသခံ နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ကာ စာသင်ကျောင်း တစ်ကျောင်း၊ ဘုန်းကြီးကျောင်း ၄ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – TNLA
ပုံစာ – သီပေါမြို့ တောင်မြို့ရပ်ကွက်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့စဉ်။