ရွှေညဝါဆရာတော်ရဲ့ ဈာပနကို မှော်ဘီမြို့မသုဿာန်မှာ မကျင်းပဖြစ်တော့ဘဲ ကျောင်းဝင်းအတွင်းမှာသာ ပြုလုပ်မယ်

မြန်မာ့ဒီမိုကရေစီအရေးနဲ့ နိုင်ငံရေးမှာ လူသိများထင်ရှားတဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟရဲ့ ရုပ်ကလာပ်ဈာပနမီးပူဇော်ပွဲကို မှော်ဘီမြို့နယ် မြို့မသုဿာန်မှာ မကျင်းပဖြစ်တော့ဘဲ ရွှေညဝါတောရကျောင်းဝင်းထဲမှာ ကျင်းပတော့မယ်လို့ Shwenyawar ဖေ့ဘွတ်ခ်ပေ့ချ်မှာ ဖော်ပြထားပါတယ်။
ရွှေညဝါဆရာတော်ဟာ ဇူလိုင် ၁၀ ရက် မနက်အစောပိုင်းမှာ အသည်းရောဂါနဲ့ အာရှတော်ဝင်ဆေးရုံမှာ ပျံလွန်တော်မူခဲ့ပြီး ပျံလွန်တော်မူချိန် သက်တော် ၆၁ နှစ်၊ ဝါတော် ၄၀ ရှိပြီလည်း ဖြစ်ပါတယ်။
ဆရာတော်ရဲ့ အန္တိမအဂ္ဂိဈာပနကို နဂိုမူလက ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြို့မသုဿာန်မှာ မီးပူဇော်ပွဲကျင်းပမယ်လို့ ဇူလိုင် ၁၁ ရက်မှာ ဆရာတော်ဈာပနပွဲ ကျင်းပရေးအဖွဲ့က လူမှုကွန်ရက်ကနေ တဆင့်ကြေညာထားတာလည်း ဖြစ်ပါတယ်။
ကြေညာပြီး ၂ ရက်အကြာ ဒီနေ့ ဇူလိုင် ၁၄ ရက်မှာတော့ မှော်ဘီမြို့မသုဿာန်မှာ မီးပူဇော်ပွဲအခမ်းအနား မကျင်းပဖြစ်တော့ဘဲ မှော်ဘီမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု ဘုရားလမ်းရွာ ရွှေညဝါတောရ သာသနာပြုကျောင်းတိုင်းဝင်းအတွင်းမှာသာ ဈာပနမီးပူဇော်ပွဲ အခမ်းအနားကို ကျင်းပတော့မယ်လို့ ဈာပနပွဲကျင်းပရေးအဖွဲ့က ထပ်မံကြေညာထားတာလည်း ဖြစ်ပါတယ်။
ဆရာတော် ဈာပနမီးပူဇော်ပွဲကို မှော်ဘီမြို့မသုဿာန်ကနေ နေရာပြောင်းရွှေ့ပြီး ရွှေညဝါတောရကျောင်းအတွင်း ပြောင်းလဲကျင်းပမှုနဲ့ပတ်သက်ပြီး အကြောင်းရင်းကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
မြန်မာနိုင်ငံရေးလောကမှာ ထင်ရှားပြီး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားတဲ့ ရွှေညဝါဆရာတော်ကို စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ ဖမ်းဆီးခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာ ၂၈ ရက်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အင်းစိန်ထောင်မှာ မတရားအကျဉ်းကျခံနေချိန်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် မရရှိခဲ့တာကြောင့် အသည်းရောဂါ ပိုမိုဆိုးရွားလာခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၂၀၂၂ နိုဝင်ဘာလမှာ ထောင်က ပြန်လွှတ်လာပြီးနောက်ပိုင်း ဆေးဝါးကုသမှု ခံယူနေရခဲ့ရတာလည်း ဖြစ်ပါတယ်။
ထောင်ကနေ ပြန်လွတ်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးခဲ့သလို မတ် ၂၈ ရက်နေ့ အင်အားပြင်းငလျင်ဘေးဒဏ်သင့်သူတွေကိုလည်း လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးခဲ့ပါသေးတယ်။
ဓာတ်ပုံ – Shwenyawar Facebook