ငလျင်လှုပ်ခတ်မှုအတွင်း ထိခိုက်ခဲ့တဲ့ မော်တော်ယာဉ်တွေ ပြုပြင်ပြီး စျေးကွက်တွင်း ရောက်လာ

အင်အားပြင်း စစ်ကိုင်းငလျင် လှုပ်ခတ်မှုအတွင်း ထိခိုက်ခဲ့တဲ့ မော်တော်ယာဉ်အများစုဟာ ပြုပြင်ပြီးနောက် စျေးကွက်အတွင်း ရောင်းချမှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ ရန်ကုန် ကားဝယ်ရောင်း လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ငလျင်ဒဏ်သင့် မော်တော်ယာဉ်အချို့ဟာ အကြီးစား ပြန်လည်ပြုပြင်ရာမှာ ကုန်လမ်းပို့ဆောင်ရေးနဲ့ညွှန်ကြားမှုဦးစီးဌာန ကညနရဲ့ တရားဝင်ခွင့်ပြုချက်ယူပြီး ပြင်ဆင်ကြတာ မဟုတ်တာကြောင့် မော်တော်ယာဉ်ဝယ်ယူသူတွေအနေနဲ့ သတိပြုဝယ်ယူဖို့ လိုအပ်တယ်လို့ ကားဝယ်ရောင်းလုပ်ငန်းရှင်တွေက အကြံပြုပါတယ်။
“ဖြတ်ဆက်တွေများတယ်၊ အချို့က အလုံးလိုက်ကြေသွားတာဆိုတော့ ချက်ဆီပဲဖြတ်ယူပြီး ကပ်လိုက်တာတွေလဲ ရှိတယ်၊ ကညနမှ ယာဉ်စစ်လိုက်ရင် အကုန်ဆုံးရှုံးကုန်မယ် သတိထားကြပါ”လို့ ရန်ကုန်မြို့က ကားဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မော်တော်ယာဉ်ဝယ်ယူမှု မလုပ်ဆောင်ခင်မှာ ကညနမှာ ယာဉ်စစ်ဝင်ရောက်ဖို့ကိုလည်း ကားဝယ်ရောင်းလုပ်ငန်းရှင်တွေက အကြံပြုထားပြီး လက်ရှိမှာ ရန်ကုန်ကားဝယ်ရောင်းစျေးကွက်အတွင်း ဖြတ်ဆက်ပြုလုပ်ထားတဲ့ မော်တော်ယာဉ်တွေ၊ အလုံးချိန်းမော်တော်ယာဉ်တွေကို ဝယ်ယူမိပြီး အမှုခင်းဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေလဲ များစွာ ရှိနေတယ်လို့ သိရပါတယ်။
“ကားဖိုးကျ တတ်နိုင်ပြီး ယာဉ်စစ်ဖိုးကို မသမျှောပါနဲ့ ၊ ကညနမှာ ရက်ချိန်းယူတာ ကြာတာကြောင့် မလုပ်ချင်ရင် တကယ်ကျွမ်းကျင်တဲ့ ယာဉ်စစ်တွေကို ခေါ်ပြီး အကူညီတောင်းတာ အကောင်းဆုံးပါ”လို့ ရန်ကုန်မြို့က အခြား မော်တော်ယာဉ် ဝယ်ရောင်းတစ်ဦးကလည်း ပြောပါတယ်။
ထိခိုက်မှုကြီးမားတဲ့ မော်တော်ယာဉ်တွေကို ပြုပြင်ရာမှာ ကညနရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ပြုပြင်လို့ ရပေမဲ့ ယာဉ်ပိုင်ရှင်အများစုနဲ့ မော်တော်ယာဉ်ပြုပြင်တဲ့ အလုပ်ရုံအများစုဟာ ခွင့်ပြုချက် မတောင်းခံဘဲ ပြုပြင်မှုတွေ လုပ်ဆောင်တာ များတယ်လို့ မော်တော်ယာဉ် ဝယ်ရောင်းတွေက ဆိုပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်