ချင်းလက်နက်ကိုင်နှစ်ဖွဲ့ကြား စစ်ရေးပဋိပက္ခမှာ ပါဝင်ပတ်သက်မှုမရှိဘူးလို့ Yaw Army နဲ့ BNRA/GZA တို့ ထုတ်ပြန်

Author CJ Platform
Categories
Published on Jul 14, 2025

ချင်းပြည် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ချင်းလက်နက်ကိုင်နှစ်ဖွဲ့ကြား စစ်ရေးပဋိပက္ခအတွင်း ပါဝင်ပတ်သက်မှုနဲ့ ဝင်ရောက်စွက်ဖက်မှု မရှိဘူးလို့ ယောတပ်တော် (Yaw Army) နဲ့ အညာညီနောင် (BNRA/GZA) တို့က မနေ့ ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ထားကြပါတယ်။

 

အခု ဇူလိုင်လဆန်းပိုင်းက ရိဒ်ခေါဒါရ်မြို့မှာ ချင်းအမျိုးသားတပ်ဦး (CNF/CNA) အဖွဲ့ဝင် CDF-Hualngoram တပ်ဖွဲ့နဲ့ ချင်းညီနောင် (CB) အဖွဲ့ဝင် CNO/CNDF တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

 

ချင်းလက်နက်ကိုင်နှစ်ဖွဲ့ကြား စစ်ရေးတင်းမာမှုအတွင်း ချင်းညီနောင် (CB) မဟာမိတ်အဖွဲ့တစ်ခုဖြစ်တဲ့ ယောတပ်တော် (Yaw Army) က ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ CNF/CNA တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့တာကြောင့် Yaw Army က သူတို့ ပါဝင်ပတ်သက်မှု မရှိကြောင်း ဆက်သွယ်ကန့်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

Yaw Army ရဲ့ ဆက်သွယ်ကန့်ကွက်မှုကြောင့် CNF/CNA ကလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး Yaw Army နဲ့ ပတ်သက်တဲ့ ပြောဆိုမှုဟာ မြေပြင်သတင်း အားနည်းချက်ကြောင့်သာ ဖြစ်တယ်လို့ CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အကြောင်းပြန်ကြားစာမှာ ရေးသားဖော်ပြထားပါတယ်။

 

ဒါ့အပြင် ဖလမ်းမြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်စခန်းသိမ်း စစ်ဆင်ရေးအတွင်း CNO/CNDF အတူပါဝင်ခဲ့တဲ့ BNRA/GZA ကလည်း ချင်းလက်နက်ကိုင်နှစ်ဖွဲ့ကြား စစ်ရေးပဋိပက္ခမှာ သူတို့ မပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပြီး CNO/CNDF မှာ စစ်ဘက်ဆိုင်ရာ စနိုက်ပါသင်တန်း တက်ရောက်နေတဲ့ BNRA/GZA သင်တန်းသားအချို့ကိုလည်း ပြန်လည်ခေါ်ယူထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

 

အခုလ ဇူလိုင် ၂ ရက်မှာ CDF-Hualngoram တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ရိဒ်ခေါဒါရ်မြို့ကို CNO/CNDF တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့ပေမဲ့ ဇူလိုင် ၁၁ ရက်မှာ မြို့ကနေ ပြန်လည်ဆုတ်ခွာသွားတာကြောင့် CDF-Hualngoram နဲ့ CNF/CNA တပ်ဖွဲ့တွေက ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – Chinland Information Center

 

ပုံစာ – အိန္ဒိယ-ချင်းပြည်နယ်အစပ် ရိဒ်ခေါဒါရ်မြို့ကိုအဝင် ချင်းအမျိုးသားအလံ လွှင့်ထူထားမှုကို တွေ့ရစဉ်