ထိုင်းနဲ့ မလေးရှားမှာ ၆ လအတွင်း ရွှေ့ပြောင်းမြန်မာလုပ်သား ၆၀၀၀ ကျော် ဖမ်းဆီးခံရ

မြန်မာအိမ်နီးချင်းနိုင်ငံတွေထဲမှာ ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရမှု ၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း ၆,၁၇၅ ဦးအထိရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Spring Revolution Database (SRD) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းစစ်ရေးပဋိပက္ခနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေဖို့ ပြည်ပအိမ်နီးချင်းနိုင်ငံတွေကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ထိုင်းနဲ့ မလေးရှားနိုင်ငံတို့မှာ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။
Website တွင် ဖတ်ရှုရန် >>>
အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ရွှေ့ပြောင်း မြန်မာနိုင်ငံသား ဖမ်းဆီးခံရမှု ထိုင်းနိုင်ငံမှာ ၃,၁၇၇ ဦး၊ မလေးရှားမှာ ၂,၉၄၄ ဦး၊ အိန္ဒိယမှာ ၅၃ ဦးနဲ့ တရုတ်နိုင်ငံထဲမှာ တစ်ဦးရှိခဲ့ပြီး ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့တာတွေလည်း ရှိနေပါတယ်။
တရားမဝင်နယ်စပ်ဖြတ်ကျော် ဖမ်းဆီးခံရမှုတွေဟာ ထိုင်း-မြန်မာနယ်စပ် ကန်ချနာဘူရီခရိုင်အတွင်း အများဆုံး ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနိုင်ငံထဲ ဝင်ရောက်မယ့်သူတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တာတွေလည်း ရှိပါတယ်။
မလေးရှားနိုင်ငံထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ တရားမဝင် ရွှေ့ပြောင်းမြန်မာတွေကို မလေးရှားအာဏာပိုင်တွေက စီမံချက်ချ ဖမ်းဆီးမှုတွေရှိခဲ့ပြီး မြန်မာအများဆုံး နေထိုင်ရာရပ်ကွက်တွေနဲ့ လုပ်ငန်းခွင်နေရာတွေကို ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။
တရားမဝင် ရွှေ့ပြောင်း မြန်မာတွေ ဖမ်းဆီးခံရပြီးနောက် သက်ဆိုင်ရာနိုင်ငံတွေကနေတဆင့် စစ်ကောင်စီထံ လွှဲပြောင်းမှုတွေရှိခဲ့ပြီး လူငယ်လူလတ်ပိုင်းနဲ့ စစ်မှုထမ်းသတ်မှတ်ချက် အကျုံးဝင်သူတွေကို စစ်ကောင်စီက အဓမ္မတပ်သားသစ် စုဆောင်းမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။
အခုနှစ် ပထမခြောက်လအတွင်း စစ်ကောင်စီက အဓမ္မဖမ်းဆီး တပ်သားသစ် စုဆောင်းမှုကြောင့် ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၂,၈၇၆ ဦးအထိရှိခဲ့ပြီး ကျေးရွာတွေထဲမှာ ဖမ်းဆီးခံရသူ ၁,၃၀၆ ဦး၊ မြို့ပေါ်တွေမှာ ဖမ်းဆီးခံရသူ ၁,၂၉၈ ဦးနဲ့ ခရီးသွားပြည်သူတွေနဲ့ ပေါ်တာဆွဲခံရသူ ၂၇၂ ဦးအထိ ရှိခဲ့တယ်လို့လည်း SRD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – ဘန်ကောက်ပိုစ့်
ပုံစာ – ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်အတွင်း ဖမ်းဆီးခံရတဲ့ တရားမဝင် ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက တွေ့ရစဉ်