ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေဝင်ရောက်

Author CJ Platform
Categories
Published on Jul 02, 2025

ပဲခူးမြို့မှာ ပဲခူးမြစ်ရေ မြင့်တက်လာတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေထဲ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကတည်းက မြစ်ရေဝင်ရောက်နေရာကနေ ဒီကနေ့မှာတော့ ၇ ပေခန့်အထိ မြင့်တက်လာနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ပဲခူးမြို့ရဲ့ မြို့သစ်ရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်၊ ကျွန်းသာယာရပ်ကွက်၊ ကလျာဏီရပ်ကွက်တွေက အနိမ့်ပိုင်းနေရာတွေမှာ ၃ ပေကနေ ၇ ပေအထိ မြင့်တက်လာတာဖြစ်တယ်လို့ ပြောပါတယ်။

 

“အမြင့်ပိုင်းနေသူတွေကတော့ သိပ်မကြီးပါဘူး ပြောတာပေါ့။ ကျွန်မတို့ဘက်မှာတော့ ရေတက်လို့ လှေနဲ့သွားနေရပြီလေ။ မိုးကလည်းရွာ၊ ရေကလည်းတက်နဲ့ မလွယ်ဘူး” လို့ ပဲခူးဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

ပဲခူးမြစ်ရေမြင့်တက်တာကြောင့် မြို့သစ်ရပ်ကွက်အတွင်း အနိမ့်ပိုင်းနေရာတွေမှာ ၇ ပေခန့်၊ ကျောက်ကြီးစုရပ်ကွက်ရှိ ကန်သာယာလမ်း၊ စီမံကိန်းလမ်းတို့မှာ ၆ ပေခန့်၊ ကျွန်းသာယာရပ်ကွက်အတွင်း ၃ ပေကျော်နဲ့ ကလျာဏီရပ်ကွက်အတွင်း ၄ ပေကျော် ဝင်ရောက်နေပြီဖြစ်လို့ တချို့နေရာတွေမှာ လျှပ်စစ်မီး ဖြတ်တောက်ထားရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ပဲခူးမြစ်ရေဟာ လက်ရှိ စိုးရိမ်ရေအမှတ်အောက် ရောက်ရှိနေပြီး မနက်ဖြန်မှာတော့ စိုးရိမ်ရေအမှတ်ကို ရောက်ရှိလာမှာဖြစ်ပြီး မြစ်ကမ်းအနီးနေထိုင်သူတွေနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ကြိုတင်သတိပြုနေထိုင်ပြီး မြစ်ရေတက်လာပါက အချိန်မီရှောင်ရှားနိုင်ဖို့ မိုးဇလက သတိပေးထားပါတယ်။

 

ပဲခူးမြစ်ဖျားပိုင်းမှာရှိတဲ့ ဇောင်းတူရေလှောင်တမံကနေ ပဲခူးမြို့အထိ ပဲခူးမြစ်ရေဟာ အဝါရောင်အဆင့်မှာ ရှိနေမှာဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့နောက်ပိုင်းမှ ရေပြန်ကျနိုင်မယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

ဒါ့အပြင် စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့အောက်ဖက်မှာ ဇူလိုင်လ ၆ ရက်နေ့ကစတင်ကာ မြင့်တက်လာနိုင်ဖွယ်ရှိတာကြောင့် မြစ်ကမ်းဘေး၊ ချောင်းကမ်းဘေးနေထိုင်သူတွေအနေနဲ့ သတိပြုနေထိုင်ဖို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်