စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း အရပ်သားပြည်သူတွေကို တိုက်ခိုက်ခဲ့လို့ ၉ ဦးသေဆုံး

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေတဲ့ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်တွေမှာ မေလ ၁၅ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၉ ဦး သေဆုံးခဲ့တယ်လို့ ဧရာဝတီ အမှတ် (၂၉) ဗျူဟာက ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) နဲ့အတူ ပူးတွဲထုတ်ပြန်ထားပါတယ်။
ရေကြည်မြို့နယ်အခြေစိုက် အမြောက်တပ် အမတ (၃၄၄) တပ်စခန်းနဲ့ လေးမျက်နှာမြို့နယ်တွေကနေ အရပ်သားပြည်သူတွေနေထိုင်ရာ နေရာတွေကို လက်နက်ကြီး၊ ဒရုန်း၊ စက်တပ်လေထီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် လေကြောင်းကနေ လည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက အရပ်သားပြည်သူတွေနေထိုင်ရာ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၉ ဦး၊ ဒဏ်ရာရရှိသူ ၂၀ ဦးနဲ့ လူနေအိမ် ၈ လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ Y12 လေယာဉ်နဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေ အများဆုံး ဖြစ်တာကိုလည်း ထုတ်ပြန်ထားချက်အရ တွေ့ရပါတယ်။
ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အပြင်းထန်ဆုံး ပြန်လည်လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ဧရာဝတီတိုင်း စစ်ဌာနအမှတ် (၂၉) နည်းဗျူဟာနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) တို့က ပူးတွဲ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ရေကြည်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ် အမတ (၃၄၄) အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပြီး စစ်ကောင်စီက ရေကြည်မြို့နဲ့ ကျုံပျော်မြို့တွေမှာ ခံစစ်ပြင်ထားရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။