၁၄ မျဉ်းစောင်းတွေ တိုင်းကျော် ခရီးသွားပါက ထောက်ခံစာ ပြရမယ်

ဧရာဝတီတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ တိုင်းပြင်ပ ခရီးသွားလာပါက ရပ်ကွက်/ကျေးရွာ ထောက်ခံစာပါမှသာ သွားလာခွင့်ပြုမှာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းက ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ယခု ဇွန်လကုန်ပိုင်းက စတင်ကာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက ခရီးသွားပြည်သူတွေထဲ ဧရာဝတီတိုင်း မှတ်ပုံတင်/စမတ်ကတ် ကိုင်ဆောင်ထားရှိရုံနဲ့ မရရှိတော့ပဲ ရပ်ကွက်/ကျေးရွာ ထောက်ခံချက်ပါမှသာ သွားလာခွင့်ပြုမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“အခုက ဘယ်သွားသွား မလွတ်လပ်တော့ဘူး။ ပြည်က ပြန်လာတာ မှတ်ပုံတင်ပါလည်း ထောက်ခံစာပါမှ ရမယ်တဲ့။ ဧရာဝတီတိုင်းမှတ်ပုံတင်နဲ့ဆို ခရီးသွားရင် ထောက်ခံစာယူရမယ်တဲ့” လို့ ပြည်မြို့ကို သွားရောက်လည်ပတ်ခဲ့သူ တစ်ဦးက CJ Platform ကို ပြောပါတယ်။
ပြည်မြို့ကနေ ရန်ကုန်အထိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၅ ဂိတ်ထက်မနည်း တွေ့ရှိခဲ့ရပြီး ဂိတ်နှစ်ခုက တောင်းတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာတော့ တိုင်းနယ်စပ်ဂိတ်တွေမှာ စစ်ကောင်စီက စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေပြီး ပန်တိုင်ဂိတ်မှာတော့ အသက် ၃၀ ပြည့် မှတ်ပုံတင်မချိန်းထားသူတွေကို ငွေကြေးကောက်ခံနေတယ်လို့ ခရီးသွားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တိုင်းအတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေထဲ ပန်တိုင်ဂိတ်ဟာ အစစ်အဆေးအတင်းကြပ်ဆုံးနဲ့ ငွေကြေးအတောင်းအကြမ်းဆုံး စစ်ဆေးရေးဂိတ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၁၄ မျဉ်းစောင်း မှတ်ပုံတင်တွေကို အခုလို တင်းကြပ်လိုက်တာက ရခိုင်နဲ့ ဧရာဝတီနယ်စပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်နိုင်တာကြောင့် အခုလို တင်းကြပ်နေတာ ဖြစ်နိုင်တယ်လို့ ဧရာဝတီတိုင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ် အမတ-၃၄၄ အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲတွေ အပြင်းအထန်နေဆဲ ဖြစ်ပြီး စစ်ကောင်စီက ရေကြည်မြို့နဲ့ ကျုံပျော်မြို့တွေမှာ ခံစစ်ပြင်ထားရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဓာတ်ပုံ – Pro-SAC
ပုံစာ – ပြည်မြို့အဝင် တာဂွ စစ်ဆေးရေးဂိတ်ကို ၂၀၂၀ ခုနှစ်က တွေ့ရစဉ်