ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆရာတစ်ဦးသေဆုံး  

Author CJ Platform
Categories
Published on Jun 06, 2025

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာ ကန့်ဒေါင့်ရဲစခန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက စာသင်ကျောင်းတွေကိုပါ ဗုံးကြဲနေလို့ ကျောင်းဆရာတစ်ဦး သေဆုံးခဲ့တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

 

စစ်ကောင်စီက မကွေး၊ မိတ္ထီလာနဲ့ တံတားဦးလေတပ်တွေကနေ Y-12၊ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေအပြင် ဆိပ်ဖြူနဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခကနေလည်း စက်တပ်လေထီး (ပါရာမော်တာ) တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ပြောပါတယ်။

 

“ဒီနေ့ဆိုရင် ဆိပ်ဖြူကပစ စက်တပ်လေထီးနဲ့ရော မုံရွာနမခက စက်တပ်လေထီးနဲ့ရော ဗုံးကြဲနေတယ်။ မနေ့ညက Y-12 က ညသန်းခေါင်အထိကို ဗုံးကြဲနေတာလို့” ရှေ့တန်းသတင်းရင်းမြစ်က CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မင်းတိုင်ပင်ကျေးရွာက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းမှာ နေထိုင်တဲ့ ကျောင်းဆရာတစ်ဦး သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

 

ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲ–ဂန့်ဂေါလမ်းပေါ်က အရေးပါတဲ့ အဓိကတပ်စခန်းဖြစ်တာကြောင့် စစ်ကောင်စီက စစ်ကူစစ်ကြောင်းတွေ ပို့ဆောင်ပေးနေတဲ့အပြင် လူအင်အား၊ လက်နက်အင်အားကိုလည်း လေကြောင်းကနေ ပို့ဆောင်နေပြီး အင်မထီးကျေးရွာကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက အင်မထီး (ပျူစောထီး) ကျေးရွာကနေ ကန့်ဒေါင့်ရဲစခန်းကို ဇွန်လ ၃ ရက်နေ့က ပို့ဆောင်တဲ့ စစ်ကူစစ်ကြောင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army (PLA) တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်နိုင်လို့ အထိနာပြီး ပြန်ဆုတ်ခွာခဲ့ရပါသေးတယ်။

 

ကန့်ဒေါင့်ရဲစခန်းကို ဇွန်လ ၂ ရက်နေ့ကတည်းက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army (PLA) က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – People’s Liberation Army (PLA)

ပုံစာ – ၂၀၂၄ ခုနှစ် အောက်တိုဘာလက သပိတ်ကျင်းမြို့နယ် တွင်းငယ်ကို သိမ်းပိုက်ရရှိခဲ့တဲ့ PLA တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

 

 

 

Related News

Depend on news