အောင်လံမြို့နယ်ထဲကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်နေ

Author CJ Platform
Categories
Published on May 10, 2025

နိုင်ငံတဝန်း မေလကုန်အထိ ပစ်ခတ်တိုက်ခိုက်မှုလရပ်စဲတယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီက မကွေးတိုင်း အောင်လံမြို့နယ်အတွင်းရှိ ကန်သာယာကျေးရွာကို မေလ ၄ ရက်နေ့ကနေ ၉ ရက်နေ့အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကောင်စီက မေလ ၄ ရက်နေ့မှာ တစ်ကြိမ် ၅ ရက်နေ့နဲ့ ၉ ရက်နေ့တို့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးဒဏ်ကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ ၄ ရက်နေ့က ဗုံးလာကြဲလို့ အကုန်ထွက်ပြေးနေကြတာ။ အဲဒီနေ့က ၄ ယောက်ထိတယ် မသေဘူး။ နွာတွေရော ကျန်တာတွေရော ကုန်ရောပဲ။ နောက်ဆုံးကြဲသွားတဲ့ဗုံးက ဘုန်းကြီးကျောင်းကိုထိတာ လူတွေမရှိလို့ တော်သေးတယ် “ လို့ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ကောင်စီက ပေါင် ၃၀၀ ဗုံး ၃ လုံးနဲ့ မေလ ၈ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်မှာ နောက်ဆုံးကြဲချခဲ့ပြီး ဗုံး ၃ လုံး အနက် ၂ လုံးသာပေါက်ကွဲခဲ့ကာ တစ်လုံးမှာ မပေါက်ကွဲပဲ ကျေးရွာအတွင်း ကျန်ခဲ့တယ်လို့ သိရပါတယ်။

 

ကန်သာယာကျေးရွာရှိ ဒေသခံတွေအားလုံးက စစ်ကောင်စီရဲ့ မေလ ၄ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရပြီးချိန်ကပင် ကျေးရွာကိုစွန့်ခွာခဲ့ကာ ဆွေမျိုးအသိမိတ်ဆွေတွေနဲ့ နီးစပ်ရာကျေးရွာတွေမှာ သွားရောက်နေထိုင်ခဲ့ကြပါတယ်။

 

“ စပြီးဗုံးကြဲခံရတဲ့နေ့ထဲက အကုန်လုံးပြောင်းသွားကြတာ ရွာမျာလူမရှိတော့ဘူး။ ဒါကြောင့်ကို ၈ ရက်နေ့ညက ဗုံးကြဲတာ လူမထိခိုက်တာ။ ဘုန်းကြီးကျောင်းတော့ ထိခိုက်ပျက်စီးသွားတယ် “ လို့ ဒီအကြောင်းသိရှိသူ အမျိုးသား တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ကောင်စီက ကန်သာယာကျေးရွာကို မေလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်များစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး နွား ၁၀ ကောင်အပြင် အိမ်မွေးတိရိစ္ဆာန် အကောင် ၂၀ ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

လက်ရှိမှာ ဒေသခံတွေအနေနဲ့ စစ်ကောင်စီရဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ကြောင့် ကျေးရွာအတွင်းပြန်မနေရဲသေးပဲ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

 

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကာလအဖြစ်ကြေညာထားတဲ့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူတွေနေထိုင်ရာ မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်နေရာ ယမန်နေ့ ၃ နာရီ ၅၀ မိနစ်အချိန်မှာလည်း ကနီမြို့နယ်အတွင်းကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

 

စစ်ကောင်စီရဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကနီမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာလည်း အများစုက စစ်ဘေးရှောင်နေကြရပြီး ကျေးရွာအတွင်းနေထိုင်သူအချို့ကတော့ ဗုံးခိုကျင်းထဲတွင်သာ နေထိုင်နေကြရပါတယ်။

 

ဓာတ်ပုံ – ပေးပို့