ရုရှားရဲ့ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲအခမ်းအနားကို စစ်ခေါင်းဆောင်ဇနီးဒေါ်ကြူကြူလှကပါ တက်ရောက်မယ်

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပပြုလုပ်မယ့် မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရုရှားနိုင်ငံရဲ့ ဖိတ်ကြားချက်အရ အာဏာသိမ်း စစ်ခေါင်းဆောင်က တက်ရောက်မှာဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ကြူကြူလှကလည်း စစ်ခေါင်းဆောင်နဲ့အတူ တက်ရောက်သွားမှာဖြစ်တယ်လို့ စစ်ကောင်စီက ဒီကနေ့ မေလ ၆ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်ပါတယ်။
မော်စကိုမြို့က ရင်ပြင်နီမှာ လာမယ့် မေလ ၉ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အဆိုပါ အခမ်းအနားကို တက်ရောက်ဖို့ စစ်ခေါင်းဆောင်ရဲ့ ဇနီးကို ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော် ဥက္ကဋ္ဌ မစ္စဗလန်တီနာ မတ်ဗီယန်ကို (Valentina Matvienko) ကဖိတ်ကြားခဲ့တဲ့အတွက် စစ်ခေါင်းဆောင်နဲ့အတူ ရုရှားကို သွားရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ရဲ့ နိုင်ငံတော်အဆင့် ခရီးစဉ်တွေမှာ ပထမဆုံးအကြိမ်အဖြစ် ပွဲတက်ခွင့် ရခဲ့တဲ့ ဒေါ်ကြူကြူလှဟာ ရုရှား ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပြီး ခရီးစဉ်ကို စစ်ကောင်စီ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ အရာရှိတွေ ကလည်း အတူလိုက်ပါသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ အခမ်းအနားရဲ့ စစ်ရေးပြချီတက်ပွဲကို ဇနီးသည်နဲ့ အတူတက်ရောက်မယ့် စစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံနဲ့ ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်တွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါ စစ်ရေးပြအခမ်းအနားကို စစ်ကောင်စီရဲ့ မြန်မာကိုယ်စားပြု စစ်ရေးပြအဖွဲ့ကလည်း ချီတက်စစ်ရေးပြသွားမှာဖြစ်ပြီး ဗိုလ်မှူးချုပ်မျိုးဆက်အောင်ဦးဆောင်တဲ့ စစ်ရေးပြတပ်ဖွဲ့က မန္တလေးမြို့၊ တံတားဦးလေဆိပ်ကနေ ရုရှားနိုင်ငံကို ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ထွက်ခွာသွားခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို မကြာခဏ ဆိုသလို သွားရောက်ခဲ့ပြီး သုံးကြိမ်မြောက် ခရီးစဉ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခွင့်ရရှိခဲ့ကာ တွေ့ဆုံစဉ်မှာလည်း စစ်ခေါင်းဆောင်က ပူတင်ကို ရုရှားနိုင်ငံရဲ့ ခေါင်းဆောင်အဖြစ်သာမက ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ကြောင်း မြှောက်ပင့်ပြောဆိုခဲ့ပါတယ်။