မြောက်ဒဂုံမြို့နယ် ဦးကြင်ဥစျေးတွင် လင်မယားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ တစ်ဦးသေ တစ်ဦးဒဏ်ရာရ

Author ကိုအောင်
Categories
Published on Oct 22, 2022

မြောက်ဒဂုံမြို့နယ် အမှတ် ၃၂ ရပ်ကွက် ဦးကြင်ဥစျေးတွင် ယနေ့ နံနက်ပိုင်းက စျေးဝယ်နေသည့် လင် မယားနှစ်ဦးကို သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဦးကြင်ဥစျေးတွင် ယနေ့ နံနက်ကိုးနာရီခွဲခန့်က စျေးဝယ်နေသည့် လင်မယားနှစ်ဦးကို အမည်မသိအမျိုးသားနှစ်ဦးကသေနတ်ဖြင့်ပစ်ခတ်ခဲ့၍ သေဆုံးခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ဘာကြောင်ပစ်လဲတော့မသိဘူး သူတို့လင်မယားက ကုမ္ပဏီမှာ လုပ်တာ ကောင်လေးက ပွဲချင်းပြီးသေတယ် ကောင်မလေးလည်း အပစ်ခံရတယ် ဒဏ်ရာကတော့ပြင်းထန်တယ်”ဟု ပြောသည်။

ပစ်ခတ်မှုတွင် အမျိုးသားဖြစ်သူမှာ သေဆုံးခဲ့ပြီး ဇနီးဖြစ်ဖြစ်သူမှာ စိုးရိမ်ရဒဏ်ရာများရရှိပြီး ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

ဦးကြင်ဥစျေး ပစ်ခတ်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ဘယ်အဖွဲ့က ဘာကြောင့်ပစ်ခတ်ခဲ့သည်ကို CJ Platform အနေဖြင့်သီးခြား အတည်ပြုနိူင်ခြင်းမရှိပေ။

လက်ရှိအခြေအနေတွင် ဦးကြင်ဥစျေးနှင့် အနီးတဝိုက်၌ စစ်ကောင်စီတပ်တွေက ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

ယနေ့နံနက်ပိုင်းကလည်း လှိုင်မြို့နယ် ၂ ရပ်ကွက်တွင် ရာအိမ်မှူးအပါအဝင်သုံးဦးကို အမည်မသိသေနတ် ကိုင်ဆောင်သူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့သည့်ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့သည်။