ကျိုက်ထီးရိုး ဘုရားရင်ပြင်၌ Drone ကာကွယ်ရန် ဆိုကာ ဆက်သွယ်ရေး ပစ္စည်းများအား လိုင်းဖြတ်တောက်သည့် Jumper တပ်ဆင်နေ၍ ဒေသခံများ စိုးရိမ်နေ

Author မေ
Categories
Published on Oct 22, 2022

မွန်ပြည်နယ်၊ ကျိုက်ထီးရိုး ဘုရားရင်ပြင်၌ Drone ကာကွယ်ရန် ဆိုကာ ဆက်သွယ်ရေး ပစ္စည်းများအား လိုင်းဖြတ်တောက်သည့် Jumper တပ်ဆင်နေ၍ ဒေသခံများ စိုးရိမ်လျက် ရှိနေသည်ဟု သိရသည်။

အောက်တိုဘာ ၁၈ရက်နေ့က ဆက်သွယ်ရေး ပစ္စည်းများအား လိုင်းဖြတ်တောက်သည့် Jumper နှင့်အတူ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကျိုက်ထီးရိုးဘုရား ရင်ပြင်တစ်ဝိုက်သို့ ရောက်ရှိလာသည်ကို ဒေသခံများက တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိမှုနှင့် ပတ်သတ်၍ ” ဘုရားမှာဒရုန်း ကာကွယ်ရေး စက်တွေ တပ်ရမယ်ဆိုလို့ သူတို့တွေ လာပြီး တာဝန်ရှိသူတွေနဲ့ တိုင်ပင်တာပါ၊ အဲ့လောက် ဘဲ ပြောနိုင်ဦးမယ်” ဟု ကျိုက်ထီးရိုး ဂေါပက အဖွဲ့ အဖွဲ့ခေါင်းဆောင်က ပြောကြားသည်ဟု ဒေသတွင်း သတင်းဌာန တစ်ခုက သတင်းဖော်ပြထားသည်။

ထိုသို့ ဆက်သွယ်ရေး ပစ္စည်းများအား လိုင်းဖြတ် တောက်သည့် Jumper များ တပ်ဆင်လိုက်ပါက ကျိုက်ထီးရိုး ဘုရား ရင်ပြင်အနီးတဝိုက်ရှိ ဆိုင်ခန်းဖွင့်လှစ်ထားသူများ၊ ဈေးရောင်းချနေသူများ၊ တစ်နိုင်တစ် ပိုင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေသူများမှ စ၍ တည်းခိုခန်း၊ ဟိုတယ်များ အထိပါ ဆက်သွယ် ရေးများ ပြတ်တောက်လျက် အခက်အခဲ ကြုံရမည် ကို လုပ်ငန်းရှင်များနှင့် ဒေသခံများက စိုးရိမ်နေကြသည်။

” Jumper ဆိုတဲ့ စက်ကို လာတပ်နေတာတော့ တွေ့တယ်။ ဘယ်တော့ စပြီး အသုံးပြုမလဲတော့ မသိဘူး ။ ဒါဖွင့်ထားရင် ဖုန်းလိုင်းတွေ၊ ဆက်သွယ်ရေး လိုင်းတွေ အကုန်ပြတ်ကုန်မယ်လည်း ကြားတော့ အရေးပေါ်ဆက်သွယ်ဖို့ လိုရင်တောင် ဆက်သွယ်လို့ မရ ဖြစ်တော့မှာ။ နောင်ဆို ခရီးသွားတွေတောင် လာ ဖို့ ခက်ခဲနိုင်တာပေါ့။ နဂိုထဲက စီးပွားရေး ကျပ် တည်း နေရတဲ့ အထဲ အခုဖြစ်နေတာတွေကြောင့် ဘုရားဖူးတွေ မလာရင် ကျွန်မတို့ဘဲ စားဝတ်နေရေး ပိုခက်ခဲရတာပေ့ါ” ဟု ကျိုက်ထီးရိုးဘုရား ရင်ပြင် အနီးတဝိုက်၌ ဈေးရောင်းချသူ တစ်ဦးက ပြောသည်။

လက်ရှိ၌ အဆိုပါ ပစ္စည်းအား မည်သည့် အချိန်၌ စတင်အသုံးပြုမည်ကို မသိရသေးပေ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကျိုက်ထီးရိုးတောင်တက်ကားဂိတ်၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဘုရားဖူးခရီးသည် အချို့ သေဆုံးမှုများ ရှိခဲ့ပြီးနောက် စစ်ကောင်စီမှ လုံခြုံရေးကို တင်းကျပ်စွာ စစ်ဆေးနေကြောင်းလည်း ဒေသခံများက ပြောကြားကြသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ဧရာဝတီတိုင်းအတွင်း လုံခြုံရေးအတွက်ဟုဆိုကာ စစ်ကောင်စီမှ Drone လက်ဝယ်ပိုင်ဆိုင်ထားသူများအား လက်ရောက်အပ်နှံရန် ကြေညာခဲ့သည်။