လှိုင်မြို့နယ်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး အပါအဝင် သုံးဦး ပစ်ခတ်ခံရ၍ သေ

Author ကိုအောင်
Categories
Published on Oct 22, 2022

လှိုင်မြို့နယ် ၂ ရပ်ကွက် သီရီ ၅ လမ်းတွင် ယနေ့ နံနက်ပိုင်းက ရာအိမ်မှူး အပါအဝင် မိသားစုဝင်သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

သီရီ ၅ လမ်းတွင် နေထိုင်သည့် ရာအိမ်မှူးနှင့် မိသားစုဝင်နှစ်ဦးကို ယနေ့ နံနက် ရှစ်နာရီခန့်တွင် အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက နေ့အိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့၍ သေဆုံးခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“သေနတ်သံတွေ ဆက်တိုက်ကြားရတာ ၅ လမ်းထဲ ရာအိမ်မှူးအိမ်အပစ်ခံရတာ သေတယ်လို့ပြောနေကြတာ စစ်တပ်လည်း ရောက်လာတယ်”ဟု ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသူမှာ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူး ဦးတင်မောင်ဝင်း၊ဇနီးဖြစ်သူဒေါ်တင်နုနှင့်တူဖြစ်သူတို့ဖြစ်ပြီး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးတာဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကို အတည်ပြုပြောသည်။

လက်ရှိအခြေအနေတွင် ၂ ရပ်ကွက်နှင့် အနီးတဝိုက် တွင် စစ်ကောင်စီတပ်တွေက လမ်းသူလမ်းသားနှင့် ရပ်ကွက်နေသူတွေကို စစ်ဆေးနေသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

လှိုင်မြို့နယ် ၁၃ ရပ်ကွက် သီရီမြိုင်မှတ်တိုင်အနီးမှာ အောက်တိုဘာလ ၂၀ရက် နံနက်ပိုင်းက ဗိုလ်ကြီးမြင့်ဆွေနှင့်ဇနီး၊တပ်သားအောင်ကိုမင်းတို့သုံးဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်ဖြစ်စဥ်လည်း ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့ကလည်း အငြိမ်းစား ဗိုလ်မှူးချုပ် အုန်းသွင်နှင့်ဗိုလ်ကြီးရဲတေဇ တို့ပစ်ခတ်ရှင်းလင်းခံခဲ့ရပြီးနောက် လုံခြုံရေးတင်းကျပ် ထားသည့် မြို့နယ်လည်းဖြစ်သည်။