ချင်းပြည် ဖလမ်းမြို့ကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ချင်းညီနောင် ကြေညာ

Author CJ Platform
Categories
Published on Apr 09, 2025

ချင်းပြည် ဖလမ်းမြို့ကို ချင်းညီနောင်းပူးပေါင်းတပ်ဖွဲ့ တွေက ဒီကနေ့ ဧပြီလ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ-၂၆၈ ကို သိမ်းပိုက်လိုက်ပြီဖြစ်တာကြောင့် ဖလမ်းမြို့ကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ချင်းညီနောင်က ဒီကနေ့ညနေမှာပဲ ကြေညာလိုက်ပါတယ်။

 

စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ခလရ ၂၆၈ ကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၀၀၀) ကျော်ကြားကနေ မြို့သိမ်းတိုက်ပွဲစတင်အပြီး ၅ လအကြာမှာ ဖလမ်းမြို့ နယ်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့သိမ်းတာနဲ့ ပတ်သတ်ပြီး ချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ဒီကနေ့ မနက်မှာ CJ Platform ကို အတည်ပြုပြောကြားထားပြီး တိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေနဲ့ ဖမ်းဆီးရမိ စစ်ကောင်စီတပ်ဖွဲ့ဝင် အခြေအနေတွေကို မေးမြန်းထားဆဲဖြစ်ပါတယ်။

 

မြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသွားပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

 

ချင်းပြည်ရဲ့ ဒုတိယမြောက်အကြီးဆုံးမြို့ ဖြစ်တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နဲ့ ပူးပါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဖလမ်းမြို့ဟာ စစ်ရေးအရ အရေးပါတဲ့ မြို့တစ်မြို့ဖြစ်တယ်လို့လည်း သိရပါတယ်။

 

ချင်းညီနောင်စစ်ဆင်ရေး(Operation CB) အဖြစ် ဖလမ်းမြို့ သိမ်းစစ်ဆင်ရေးကို ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင်စတင်ခဲ့ပြီး စစ်ကောင်စီအင်အား ၁၀၀ ကျော် တပ်စွဲထားတဲ့ ခလရ ၂၆၈ တပ်ရင်းအပြင် စစ်ကူအင်အားအများအပြားကို တိုက်ထုတ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ပါတယ်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ စစ်ကူစစ်ကြောင်းစေလွတ်တာတွေ ရှိခဲ့ပြီး ဖလမ်းခရိုင်ရဲမှူးကြီး၊ မြို့နယ်ရဲမှူးနဲ့ စခန်းမှူးတွေ အပါအဝင် စစ်ကောင်စီလက်အောက်ခံအများအပြား အရှင်ဖမ်းမိထားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

 

ချင်းညီနောင်အဖွဲ့အနေနဲ့ ချင်းပြည်က မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့တို့ကို သိမ်းပိုက်ထားပြီး အခုအခါမှာ ချင်းပြည် မြောက်ပိုင်းက ဖလမ်းမြို့ကို ထပ်မံသိမ်းပိုက်လိုက်နိုင်တာပဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – ချင်းညီနောင်

 

ပုံစာ – ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများကိုတွေ့ရစဉ်