အိုးဘိုအကျဉ်းထောင်အနီးရှိ နေအိမ်အချို့ကို ကျူးကျော်ဟုဆိုကာ စစ်ကောင်စီက ဘူဒိုဇာဖြင့်ထိုး

Author အောင်နိူင်သူ
Categories
Published on Oct 21, 2022

အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက် အကျဥ်းထောင်အနောက်ဖက်ရှိ ပြည်သူများ နေထိုင်သည့် နေအိမ်အချို့ကို ကျူးကျော်ဟုဆိုကာ စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် ဘူဒိုဇာဖြင့်ထိုး၍ ဖျက်သိမ်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အိုးဘိုရပ်ကွက် အိုးဘိုအကျဉ်းထောင်အနောက်ဘက် မေတ္တာလမ်းသွယ် ၁ လမ်းနှင့် မီးရထားသံလမ်းဘေးတွင် နေထိုင်သော ရှိသော နေအိမ်များကို ကျူးကျော်နေအိမ်ဟုဆိုကာ ယနေ့ နံနက် ၉ နာရီမှစတင်ကာ ဖျက်သိမ်းခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကို ပြောသည်။

“အိမ်ခြေကတော့ ဖျက်နေတာ ငါးဆယ်လောက်ရှိမယ် ဘူဒိုဇာနဲ့ထိုးချတာ စည်ပင်ရော စစ်တပ်ရော ပါတယ် ဘယ်လောက်အထိ ဖျက်မလဲမသိဘူး”ဟု ပြောသည်။

ယင်းကဲ့သို့ ဘူဒိုဇာဖြင့် လာရောက်ထိုးချ ဖျက်သိမ်းမှုကို ကြိုတင် အကြောင်းထားမှုမရှိကြောင်း သိရသည်။

“ပစွည်းတောင် သိမ်းချိန်မရဘူး စစ်တပ်နဲ့ရဲတွေရောက်လာပြီး ဘူဒိုဇာနဲ့ထိုးတာ သံလမ်းတစ်လျှောက်ရှိတဲ့ အိမ်တွေကို ဖျက်တာ၊ မနက်ကလဲ ဒီကလူတွေနဲ့ စည်ပင်တွေ ပြသာနာတက်သေးတယ် ဒါကြောင့် စစ်တပ်ပါလာတာ”ဟု
ရှင်းပြသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်က ဘူဒိုဇာဖြင့်ထိုး၍ ဖျက်သိမ်းခဲ့သည့် ကျူးကျော်ဟုဆိုသောနေအိမ်များရှိ အိမ်ထောင်စုများမှာ နေစရာ၊စားစရာပြသာနာများနှင့် ရင်ဆိုင်နေရသည်ဟု မြို့ခံတွေဆီက သိရသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အိုးဘိုအကျဥ်းထောင်အနီးရှိ ကျူးကျော်ဟုဆိုသောနေအိမ်များကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြေတိုင်းတာခြင်းများကို ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပြည်သူ့အစိုးရလက်ထက်တွင် အမှန်တကယ် ကျူးကျော်နေထိုင်သူများကို စာနာထောက်ထားသည့် အားဖြင့် နေအိမ်များ အစားထိုးပေးအပ်ရန် လုပ်ဆောင်ခဲ့မှုများ ရှိခဲ့သည်။