ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးသင်တန်းဆင်းပွဲ NUG ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ရဲ့ တပ်မှူးသင်တန်း အပါတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို မတ်လ ၈ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနယ်မြေတစ်နေရာမှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ NUG MOD ရဲ့ ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
သင်တန်းကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့က သင်တန်းသား (၁၁၅)ဦး တက်ရောက်ခဲ့တယ်လို့ သိရပေမဲ့ တပ်မှူးသင်တန်းဟာ အချိန်ဘယ်လောက်ကြာ သင်တန်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ မပါရှိပါဘူး။
အဲဒီ တပ်မှူးသင်တန်းဆင်းပွဲကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်ရဲ့ အစီအစဉ်နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီး သင်တန်းဆင်းပွဲကို NUGရဲ့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပြီး အမှတ် (၁) စစ်ဒေသမှူးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – NUG