ကဘော်ချိုင့်ဝှမ်းဒေသ အိန္ဒိယလွှတ်တော်မှာ အဆိုတင်သွင်းတဲ့ အပေါ် စစ်ကောင်စီက အချုပ်အခြာအာဏာ ထိပါးတာလို့တုံ့ပြန်၊ NUG ကအချုပ်အခြာအာဏာ ချည့်နှဲ့နေတာကြောင့်လို့ဆို

Published on Mar 13, 2025

အိန္ဒိယ- မြန်မာနယ်စပ် မဏိပူရဒေသနဲ့ ကဘော်ချိုင့်ဝှမ်းကိစ္စကို မဏိပူရ်ပြည်နယ်ပါလီမန်လွှတ်တော်အမတ် လီရှမ်ဘာ ဆာနာဂျိုဘာ (Leishemba Sanajaoba) က ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့ကကျင်းပတဲ့ အိန္ဒိယအထက်လွှတ်တော်မှာ အိန္ဒိယအစိုးရကို အဆိုတင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးတို့က တုံ့ပြန်ပြောဆိုလာခဲ့ပါတယ်။

 

အဲဒီလိုတုံ့ပြန်ရာမှာ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာလို့ ပြောဆိုခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင်က နိုင်ငံရဲ့ အချုပ်အခြာအာဏာချည့်နှဲ့နေတာကြောင့် အခုလိုပြောဆိုလာတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“အိန္ဒိယနိုင်ငံမှာရှိတဲ့ အချို့သောနိုင်ငံရေးသမားတွေအနေနဲ့ မိမိရဲ့နိုင်ငံရေး လိုဘတစ်ခုတည်းကိုကြည့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင်မလုပ်သင့်ဘူးဆိုတာ ပြောကြားလိုပါတယ်” ဆိုပြီး ၂၀၂၁ ခုနှစ်က အဓမ္မအာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့ထုတ် သူတို့ရဲ့ ဝါဒဖြန့် သတင်းစာတွေကနေတဆင့် ပြောပါတယ်။

 

ဒါ့အပြင် နှစ်နိုင်ငံ နယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်တယ်လို့ ပြောဆိုထားပြီး ဒါနဲ့ပတ်သက်လို့ အသိပေးသင့်တာတွေ၊ ပြောဆိုသင့်တာတွေကို ဆက်လုပ်သွားမယ်လို့လည်း အသိပေးထားပါတယ်။

 

တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ရွေးကောက်ခံအစိုးရတစ်ရပ်ထံကနေ အတင်းအဓမ္မ အာဏာသိမ်းလိုက်တဲ့ နောက်ဆက်တွဲရလဒ်အဖြစ် ဒေသတွင်းနိုင်ငံတွေကြားမှာ တိုင်းပြည် အောက်ကျနောက်ကျ ဖြစ်နေရတယ် ဆိုတာကို မီးမောင်းထိုးပြလိုက်တာဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးက People’s Spring သတင်းဌာနကို မနေ့က ပြောကြားထားပါတယ်။

 

“အချုပ်အခြာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုကို နေ့စဉ်နဲ့ အမျှ စိတ်ရော ကိုယ်ရော ပင်ပန်းဆင်းရဲမှုတွေ ဖြစ်အောင် ဖိနှိပ်ရက်စက် အကြမ်းဖက်နေမှတော့ ကျမတို့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ အားနည်းချည့်နှဲ့ တဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်” ဆိုပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မှတ်ချက်ပြုခဲ့တာပါ။

 

ဒါ့အပြင်အိမ်နီးချင်း ပြည်နယ်နှစ်ခုက လွှတ်တော်အမတ်နှစ်ဦးရဲ့ ပြောဆိုဆွေးနွေးချက်တွေဟာ အိန္ဒိယဗဟိုအစိုးရရဲ့ သဘောထား မဟုတ်ဘူးဆိုတာ ယုံကြည်တယ်လို့ ပြောဆိုထားပြီး တိုင်းပြည် အချုပ်အခြာအာဏာ သူ့နေရာ သူပြန်ရောက်ဖို့ပဲ အဓိက မျက်ခြေမပြတ် ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့  NUG နိုင်ငံခြားရေးဝန်ကြီးက ဒေါ်ဇင်မာအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

မဏိပူရ်ပြည်နယ်ပါလီမန်လွှတ်တော်အမတ် လီရှမ်ဘာ ဆာနာဂျိုဘာက ကဘော်ချိုင့်ဝှမ်းဒေသဟာ ၁၄၅၀ ခုနှစ်ကတည်းက မဏိပူရ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မဏိပူရ်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိခဲ့ရာကနေ ၁၉၅၃ ခုနှစ် မတ်လ ၃ ရက်နေ့မှာ အိန္ဒိယရဲ့ ပထမဦးဆုံး ဝန်ကြီးချုပ် ဂျဝါဟာလာလ်နေရူးက မြန်မာဝန်ကြီးချုပ် ဦးနုနဲ့ ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ခုမှာ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်အစိုးရနဲ့ တိုင်ပင်မှုမရှိဘဲ မြန်မာနိုင်ငံထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာဖြစ်တယ်လို့ပြောဆိုခဲ့တာပါ။

 

ဒါ့အပြင် မီဇိုရမ်လွှတ်တော်အမတ်တစ်ဦးကလည်း မြန်မာနိုင်ငံထဲဝင်ရောက်ကာ ချင်းအမျိုးသားတပ်ဦး CNF/CNA နဲ့တွေ့ဆုံခဲ့တယ်လို့ သိရပြီး CNF ဌာနချုပ်ကို တရားဝင် လာရောက်တာမျိုးမဟုတ်ပဲ သွေးရင်းတွေ သုံးနိုင်ငံမှာ ပြန့်ကျဲနေထိုင်ရတာကို အတူတကွ ပူးပေါင်းဆောင်ရွက်မှု ကောင်းဖို့တွေ အားပေးတာမျိုး ဖြစ်တယ်လို့ ဆလိုင်းထက်နီရဲ့ပြောဆိုချက်ကို သတင်းတွေအရသိရပါတယ်။

 

ကဘော်ချိုင့်ဝှမ်းဒေသဟာ အရင်ကတည်းကတိုင်းတာပြီး အသိအမှတ်ပြုပြီးဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပြီး ၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်နေ့မှာ ချုပ်ဆိုထားတဲ့ မြန်မာ – အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလည်း ရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

 

နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားတွေအပါအဝင် မြန်မာနိုင်ငံသားတွေဟာ တိုင်းပြည်ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာကို ပြည်သူလူထုလက်ဝယ် ပြန်လည်ရရှိဖို့အတွက် တာဝန်သိစွာနဲ့ တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ ခိုင်မာသည့် သန္နိဋ္ဌာန် ချထားတာဟာ မြန်မာနိုင်ငံ ဂုဏ်သိက္ခာရှိစွာနဲ့ ပြန်လာနိုင်ဖို့ ဖြစ်တယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်