ကော့ကရိတ်ရှိကျေးရွာတွေကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ၄ ဦးဒဏ်ရာရရှိပြီး အဆောက်အအုံတွေပျက်စီး

ကရင်ပြည် ကော့ကရိတ်မြို့နဘ်အတွင်းကို စစ်ကောင်စီက မတ်လ ၄ ရက်နေ့နဲ့ ၅ ရက်နေ့မှာ လေကြောင်းကနေ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ်တွေထိခိုက် ပျက်စီးခဲ့ရတဲ့အပြင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNUရဲ့ ဒီကနေ့မနက် ထုတ်ပြန်ချက် အရ သိရပါတယ်။
ကော့ကရိတ်မြို့နယ်ရှိ ဘော့ဒိုင်းကျေးရွာကို မတ်လ ၄ ရက်နေ့နဲ့ နောက်တစ်နေ့ ၅ ရက်နေ့မှာ အစွန်းကျေးရွာ တို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘော့ဒိုင်းကျေးရွာ စာသင်ကျောင်း တစ်ကျောင်း အပါအဝင် ရေတွင်း၊ ရေကန် နဲ့ ဆိုင်ကယ် တစ်စီး ထိမှန် ပျက်စီးခဲ့ပြီး အသက် (၁၅) နှစ်အရွယ် ဒေသခံ လူငယ်အမျိုးသား တစ်ဦး နဲ့ အသက် (၃၆) နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးတို့လည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အစွန်းကျေးရွာက နေအိမ် သုံးလုံး ထိမှန်ပျက်စီးခဲ့ပြီး အသက် (၂၈) နှစ်အရွယ် အမျိုးသမီး တစ်ဦး နဲ့ အသက် (၆၂) နှစ် အရွယ် အမျိုးသမီးကြီး တစ်ဦးတို့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြပါရှိပါတယ်။
အဲဒီလို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အစွန်းကျေးရွာကို မနက် ၁ နာရီခွဲ ဝန်းကျင်မှာ တိုက်ခိုက်ခဲ့ကာ ဘော့ဒိုင်းကျေးရွာကို မွန်းလွဲ တစ်နာရီမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အအုံတွေ စာသင်ကျောင်းတွေ အရပ်သားပြည်သူတွေနေထိုင်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်ပျက်စီးခဲ့သော စာသင်ကျောင်း နှင့် ပြည်သူနေအိမ်များ။