စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့၌ ကြောက်ရွံ့ဖွယ် မှုခင်း ဖြစ်စဉ်များ ပိုမိုများပြားလာ

Author မေ
Categories
Published on Oct 21, 2022

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့၌ ကြောက်ရွံ့ဖွယ် မှုခင်းဖြစ်စဉ်များ ပိုမိုများပြားလာနေကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများထံမှ သိရသည်။

ရန်ကုန်မြို့၌ လုယက်သတ်ဖြတ်မှုများ၊ ဒဏ်ရာရရှိအောင် ပြုမူကာ ပစ္စည်းလုယက်မှုများ၊ ခိုးဆိုးလုနှိုက်မှုများစွာ အပါအဝင် မှုခင်းဖြစ်စဉ်များစွာမှာ စစ် တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၌ Delivery Service ကုမ္ပဏီတစ်ခုမှ အသက် ၂၅ နှစ်အရွယ် ဝန်ထမ်းတစ်ဦး ပစ္စည်းပို့သည့် လုပ်ငန်းအား လုပ်ကိုင်နေစဉ် ဓါးဖြင့် ထိုးကာ လုယက်ခံရမှုကြောင့် ကွယ်လွန်သွားခဲ့ရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၆ရက်နေ့ကလည်း ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းလူငယ် အမျိုးသားတစ်ဦး လုပ်ငန်းပြီးဆုံး၍ ကားမောင်းကာ အိမ်ပြန်လာစဉ် လှိုင်သာယာမြို့နယ်၌ပင် ဓါးထိုးခံရကာ သေဆုံးခဲ့ပြီး ကားပါလုယက်ခံရမှု ဖြစ်ပွားခဲ့သည်။ ထိုကဲ့သို့ မှုခင်းဖြစ်စဉ်များ၌ ပြစ်မှုကျုးလွန်သွားသူများအား ဖမ်းဆီးရမိခြင်း မရှိပေ။ ထို့ပြင် အဌားယာဉ်များအား ဌားရမ်းစီးနင်းကာ ယာဉ်မောင်းအား သတ်ဖြတ်ပြီး ယာဉ်လုယက်မှု များစွာလည်း ရှိသည်။

ထိုသို့ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိခြင်း မရှိသည့် အတွက် ပြည်သူများအနေဖြင့် အချို့ မှုခင်းဖြစ်စဉ်များ၌ အချင်းချင်း ချိတ်ဆက် သတင်းပေးခြင်း၊ လူအုပ်ဖြင့် ဝိုင်းဝန်းဖမ်းဆီးကာ ရဲစခန်းသို့ သွားရောက် အပ်နှံရမှုများလည်း ရှိသည်။အောက်တိုဘာ ၁၉ရက်နေ့က အင်းစိန်မြို့၌ လူသုံးဦးမှ ဆိုင်ကယ်ကယ်ရီနှစ်စီးအား ငှါးရမ်းစီးနင်းကာ လမ်း၌ ဓါးထောက် လုယက်မှု ဖြစ်ပွားခဲ့သည်။ လုယက်ခံရသူ ဆိုင်ကယ်မောင်းနှင်သူ တစ်ဦး၏ အော်ဟစ် အကူအညီ တောင်းမှုကြောင့် ဒေသခံများ ဝိုင်းဝန်းဖမ်းဆီးရာ လုယက်သူ နှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။

စက်တင်ဘာ ၁၁ရက် မနက်အစောပိုင်း အချိန်ကလည်း ကြည့်မြင်တိုင်မြို့နယ်၌ ကားမှန်များအား ဝက်အူလှည့် တစ်ချောင်း အသုံးပြု၍ လိုက်လံခိုးယေူနေသူတစ်ဦးအား ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးကာ ရဲစခန်းသို့ အပ်နှံပေးရမှုများ ရှိသည်။ ထို့ပြင် ရန်ကုန်မြို့၌ နေထိုင်သော ပြည်သူအများစု နေ့စဉ် မရှိမဖြစ် အသုံးပြုနေရသော YBS ယာဉ်များပေါ်၌ ဖုန်း၊ ပိုက် ဆံအိတ်များအား ခါးပိုက်နှိုက်မှုများ အပြင် လူကြပ် နေသည့် ယာဉ်ပေါ်၌ပင် ဓါးဖြင့်ထောက်ကာ ဖုန်းလုယက်သည်အထိ မှုခင်းဖြစ်စဉ်များမှာ ဆိုးရွားလာခဲ့သည်။

“တစ်နေ့ တစ်နေ့ဆို အပြင်မထွက်ရဲသလောက်ဘဲ။ ကြားရတဲ့ သတင်းတွေက ကြောက်စရာကြီးကို။ အပြင်မထွက်ဘဲ နေဖို့ကျတော့လဲ စားဝတ်နေရေးက ရှိသေးတယ်။ အိမ်ထဲမှာ နေတော့လဲ လုံခြုံလားဆိုတော့ မလုံခြုံပြန်ဘူး။ စားဝတ်နေရေးက အရေးကြီးတော့ ဘယ်နေရာသွားသွား အတတ်နိုင်ဆုံးတော့ သတိလေးထားနေရတာပေါ့။ “ဟု အင်းစိန်မြို့နယ်၌ နေထိုင်သူ မနှင်းအေးက သူမ၏မလုံခြုံမှုများကို ပြောပြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့၌ အထက်ဖော်ပြပါ မှုခင်းဖြစ်စဉ်များကဲ့သို့ မှုခင်းဖြစ်စဉ်များစွာမှာ နေ့စဉ် ပုံစံမျိုးစုံဖြင့် ဖြစ်ပွားနေသည်။ ထိုမှုခင်း ဖြစ်စဉ်အများစု၌လည်း ပြစ်မှုကျူးလွန်သူ တရားခံများအား ဖမ်းဆီးရမိမှု မရှိခဲ့ပေ။

အာဏာသိမ်းပြီးပြီးချင်း စစ်ကောင်စီမှ ပြည်သူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကို ကာကွယ်ပေးထားသော နိုင်လွတ်လုံ ဥပဒေကို ရုတ်သိမ်းခဲ့ပြီးနောက် လူထုအား စစ်တပ်မှ နည်းမျိုးစုံဖြင့် ထိန်းချုပ်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်မှု များစွာအား ကျူးလွန်ခဲ့သည်။ ထိုသို့ အပြစ်မဲ့ အရပ်သား ပြည်သူများစွာမှာ မတရား ဖမ်းဆီထောင်ချခံနေရသော်လည်း အမှန်တကယ် ဆိုးရွားသည့် မှုခင်းဖြစ်စဉ်များအား ကျူးလွန်သူများကိုမှု ဖမ်းဆီးနိုင်မှု မရှိပေ။

ထိုသို့ ရန်ကုန်မြို့၌ နေ့စဉ်ဖြစ်ပေါ်နေသော ကြောက် ရွံ့ဖွယ် မှုခင်းဖြစ်စဉ်များကြောင့် စီးပွားရေးကျပ်တည်းမှု အပါအဝင် အကျပ်အတည်း မျိုးစုံကြားမှ ရှင်သန်နေရသော ပြည်သူများ အနေဖြင့် အချိန်နှင့် အမျှ စိုးရိမ်ထိတ်လန့်နေရမှုများ ရှိနေသည်ဟု ၎င်းတို့က ပြောကြားကြသည်။